ဘားအံ ၂၀ ဇွန်
ယနေ့နံနက် ၉ နာရီက ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ဘားအံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို လူငယ်ထုများအတွင်း မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့်အန္တရာယ်ကို နားလည်သဘောပေါက်၍ မူးယစ်ကင်းစင်သော အနာဂတ်လူငယ်များဘဝကို ရရှိပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် ဦးစီးမှူးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြား၍ “နိုင်ငံကို ချစ်လူမျိုးချစ်၊ မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်” ဟူသောခေါင်းစဉ်ဖြင့် ပြိုင်ပွဲကို ကျင်းပရာ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ ၁၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆုရရှိသူများအား ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ဘားအံ လူထုအခြေပြုဗဟိုဌာနတွင် ဆုများ ပေးအပ်ချီမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


