ကျိုက်ဒုံ ၂၁ ဇွန်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယမန်နေ့က ခွီးခနဲခေါ ကျေးရွာ(အ.မ.က)ကျောင်း၌ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျေးလက်ကျန်းမာရေးမှူး ဦးမိုးမြင့်ဝင်းနှင့်အဖွဲ့များမှ သွားရောက်၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ကျေးလက်ကျန်းမာရေးမှူးက ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ကျောင်းသားကျောင်းသူများအား အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခွီးခနဲခေါကျေးရွာ နေအိမ်များတွင် တစ်အိမ်တက်ဆင်း သွားရောက်၍ နေအိမ်များတွင် ပုံမှန်အသုံးပြုလေ့ရှိသော ရေသိုလှောင်သည့် ရေအိုး၊ ရေကန်၊ရေတွင်းများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေတင်ကျန်နိုင်သည့် အိုးစုတ်၊ ခွက်စုတ်များ၊ တာယာအဟောင်းများ၊ စသည့်ခြင်ကျား၊ ပိုးလောက်လမ်းပေါက်ပွားနိုင်သည့် အရာများအား ရှင်းလင်းဖယ်ရှားခြင်း ခြင်ဆေးဖျန်းပေးမှုများ ပြုလုပ်ဆောင်ရွက်ပြီး အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်မြို့မ မူလတန်းကြိုကျောင်းတွင်းလည်း ကျောင်းသားကျောင်းသူ မိဘများအား အသိပညာပေး ဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်စသည့် လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသော ကျေးရွာများတွင်လည်း သွားရောက်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)