မြောက်ဦး ၂၁ ဇွန်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာရှိ ခိုလှုံရာ ကယ်ဆယ်ရေးစခန်းသို့ အသစ်ထပ်မံခိုလှုံ ရန်ရောက်ရှိလာသော မိသားစုဝင်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန် ဦးဆောင်ကာ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်နှင့် ဝန်ထမ်းများက တိမ်ညိုကျေးရွာ ခိုလှုံရာ ကယ်ဆယ်ရေးစခန်းရှိ ထပ်တိုးအိမ်ထောင်စုဝင် စုစုပေါင်း ၈၂ စုမှ လူဦးရေ ၃၄၁ ဦးတို့အတွက် တစ်လစာ ဆန်ရိက္ခာ ၁၀၂ အိတ်၊ ၇ ပြည်နှင့် ၄ ဘူးအား အဆိုပါ ကယ်ဆယ်ရေး စခန်းရှိ ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကယ်ဆယ်ရေး စခန်းတွင် ရောက်ရှိခိုလှုံနေသော မိသားစုဝင်များကို အားပေးစကားများ ပြောကြားခဲ့ပြီး စခန်းရှိ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN


