မိတ္ထီလာ ၂၁ ဇွန်
မိတ္ထီလာတွင် Actionaid Myanmar နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၂၂ ကျောင်းသို့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၂၁ နံနက် ၉ နာရီက အထက ၂ ခန်းမတွင် ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပညာရေးဌာနနှင့် Actionaid Myanmar တို့ ပူးပေါင်း၍ ဖွံ့ဖြိုးရေးစီမံကိန်းဝင်ကျေးရွာ ၂၂ ရှိ အခြေခံပညာကျောင်းများတွင် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့နိုင်ရေး ကနဦးစီစဉ်ခဲ့ကြောင်း၊ သို့သော် ပညာရေးဌာနအနေနှင့် Grade II ကစတင်ပြီး သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်နေပြီဖြစ်၍ ယခုကဲ့သို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ပြောင်းလဲထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်နိုင်ဦးက ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများပေးအပ်ရခြင်းအကြောင်းကို Actionaid Myanmar မှ လက်ထောက်အစီအစဉ်အရာရှိ ဦးအောင်အောင်မျိုးက ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အတွင်းရှိ Action Myanmar၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဝင် ကျေးရွာ ၂၂ ရွာရှိ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း၏ ကျောင်းအုပ်များထံသို့ ကျန်းမာရေးအထောက်ကူပြု ပစ္စည်းများကို ပညာရေးဌာနနှင့် Action Myanmar မှ တာဝန်ရှိသူများက ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)