လောက်ကိုင်  ၂၁  ဇွန်  

 

ရှမ်းပြည်နယ်မြောင်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေတောင်သူများ၏ ကြံ၊ ပြောင်း အစရှိ ရာသီပေါ်သီးနှံများ တရုတ်ပြည်ဈေးကွက်သို့ အချိန်မီ ရောက်ရှိစေရေး ရည်ရွယ်ဖောက်လုပ်ပေးခဲ့သော မူကွာကျိုင်း ကျေးရွာသစ် ကုန်ထုတ်လမ်းအား ယခုနှစ် မတ်လက စတင် ဖောက်လုပ်ခဲ့ရာယခုအခါ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

အဆိုပါကုန်ထုတ်လမ်း မှာ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၌ မူကွာကျိုင်းကျေးရွာသစ်တွင် တင်ဒါအောင်မြင်သော ကိုးကန့်ဆွေ ကုမ္ပဏီမှ  မူလခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၅၁ ဒသမ ၄၈၅ ဖြင့် အရှည် ၅၂၈၀ ပေ ၊ အကျယ် ၁၂ ပေ ၊  ထု ၉ လက်မ ဖြုန်း ကျောက်ခင်းခြင်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦး ကပြောပြ၍ သိရသည်။

 

အဆိုပါ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အား ယမန်နေ့ မွန်းလွဲပိုင်းက လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေ၊ ကုန်ကြမ်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ ၊ လောက်ကိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုး၊ လောက်ကိုင်မြို့နယ်ကျေးလက်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦး တို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ကွင်းဆင်စစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူများက  ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် အစက မြေသားလမ်းဖောက်လုပ်ရန် လျာထားခဲ့ သော်လည်း မိုးတွင်းကာလ အများပြည်သူ သွားလာမှု အဆင်ပြေစေရန် မြေသားလမ်းပေါ်၌ အပေါ်ယံဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း ရှင်းလင်းတင်ပြသည်။

 

စစ်ဆေးချိန်တွင် လမ်းအချောသတ်လုပ်ငန်း များဆောင်ရွက်လျက်ရှိကာ ၁၀ဝ ရာခိုင်နှုန်း အထိပြီးစီးနေပြီဖြစ်ကြောင်းတွေ့ရှိရသည်၊ ၎င်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့် ရေရှည်သုံးစွဲနိုင်စေရေး ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် လောက်ကိုင်မြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက မှာကြားသည်။

 

အဆိုပါ ကုန်ထုတ်လမ်းဖောက်လုပ်ပေးမှု ကြောင့် ကျေးရွာရှိ အိမ်ခြေ ၃၅၀ အိမ် ၊ လူဦးရေ ၂၂၄၀ ဦး တို့အား အကျိုးပြု ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လယ်/ယာ ၁၂၀ ဧက တို့မှ ထွက်ရှိသော ကြံ၊ ပြောင်း၊ အစရှိသည့် ရာသီပေါ်သီးနှံများအား တရုတ်ပြည် ဈေးကွက်သို့အလွယ်တကူတင်ပို့ရောင်းချ နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦး ပြောကြားချက်အရ သိရသည်။

 

ငြိမ်းသူ(စလင်း)