၂၁ ဇွန်
ဗီယက်နမ်နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ယခုနှစ် ခြောက်လအတွင်း သေဆုံးသူ (သို့မဟုတ်) ပျောက်ဆုံးနေဆဲဖြစ်သူ ၂၃ ဦးရှိကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ယနေ့သတင်းဖော်ပြချက်အရ သိရသည်။
သဘာဝဘေးအန္တရာယ်များ၊ အဓိကအားဖြင့် တိုင်ဖွန်းမုန်တိုင်းများ၊ ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် ဗီယက်နမ် ဒေါင် ၃၃၇ ဘီလီယံ (ခန့်မှန်းအားဖြင့် အမေရိကန် ဒေါ်လာ ၁၄ ဒသမ ခုနှစ် သန်း)ဆုံးရှုံးခဲ့သည်။
အဆိုပါ ဝန်ကြီးဌာနက အချို့သော တောင်တန်းဒေသများတွင် ရေကြီးမှုနှင့် မြေပြိုမှုဆိုင်ရာ သတိပေးချက်စနစ်များကို စမ်းသပ်တပ်ဆင်ခြင်း နှင့် ယခုနှစ်ကုန်ပိုင်းတွင် သဘာဘေးအန္တရာယ် တားဆီးခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ အမျိုးသားစင်တာတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Nguyen Xuan Cuong ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသန္တရ နေ့စဉ်သတင်းစာ ဗီယက်နမ်သတင်းဌာနက ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်က သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ၂၂၄ ဦး သေဆုံး (သို့မဟုတ်) ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဗီယက်နမ် ဒေါင် ၂၀ ထရီလီယံ (အမေရိကန် ဒေါ်လာ ၈၆၉ ဒသမ ၆ သန်း) ဆုံးရှုံးခဲ့သည်။
ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံသည် ရာသီဥတု ပြောင်းလဲမှု နှင့် သဘာဝဘေးအန္တရာယ်များ အများဆုံးခံစားရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း နှင့် ပျမ်းမျှအားဖြင့် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း ခြောက်ကြိမ် (သို့မဟုတ်) ခုနှစ်ကြိမ် တိုက်ခတ်မှုနှင့် ရင်ဆိုင်ရကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို