နေပြည်တော် ၂၁ ဇွန်

မြန်မာနိုင်ငံဆေးကောင်စီ ဗဟိုအစည်းအဝေး (၂/၂၀၁၉) ကို ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆေးကောင်စီ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအက်စ်ကျော်လှက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရပ်ဝေးဒေသများမှ ဆရာဝန်များက ဆရာဝန်မှတ်ပုံတင်နှင့် ဆေးကုသခွင့် လိုင်စင်များကို လျှောက်ထားရာတွင်လည်းကောင်း၊ ကောင်စီသို့ လိုအပ်သော အကြံဉာဏ်များ ပေးရာတွင်လည်းကောင်း အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးကို အထူးအလေးပေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ကောင်စီအနေဖြင့် မှတ်ပုံတင်နှင့် လိုင်စင်လျှောက်ထားခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ကောင်စီ၏ အင်တာနက်စာမျက်နှာတွင် အချိန်နှင့်တစ်ပြေးညီ ဆရာဝန်များ အားလုံးသိရှိနိုင်ရေးအတွက် ပြည့်စုံစွာ ဖော်ပြထားရှိပြီး မှတ်ပုံတင်နှင့် ဆေးကုသခွင့်လိုင်စင်များကို အွန်လိုင်းမှ လျှောက်ထားနိုင်ရန်နှင့် နိုင်ငံတကာ အဆင့်မီ smart card များ စိစစ်ထုတ်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း။

ကောင်စီ၏ အင်တာနက်စာမျက်နှာကို အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ စုံလင်ပြီး အသုံးပြုရလွယ်ကူစေရန် ဆောင်ရွက်သွားစေလိုပါကြောင်း၊ ကောင်စီ၏ လုပ်ငန်းတာဝန်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ဆောင်ရွက် သွားစေလိုပါကြောင်း။

ဆေးပညာကျင့်ဝတ်များနှင့် ဆရာဝန်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများကိုလည်း ပိုမိုသိရှိလိုက်နာစေရေးအတွက် ဟောပြောပွဲများကို တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ပုံမှန်ပြုလုပ်ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဆရာဝန်များမှ နစ်နာချက်များ တင်ပြသည့်အခါ သင့်လျော်ကောင်းမွန်သော အကြံဉာဏ်များ ပေးအပ်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ ဆေးကောင်စီအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာ ကြည်ကြည်သင်း က မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ ၂/၂၀၁၉၊ ၃/၂၀၁၉ နှင့် ၄/၂၀၁၉ အစည်းအဝေးဆုံးဖြတ်ချက်ပါ အချက်များ ဆောင်ရွက်ထားရှိမှုများနှင့် ကောင်စီမှ ဆောင်ရွက်ပေးခဲ့သော ကိစ္စရပ်များကို တင်ပြဆွေးနွေးသည်။

ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်နှင့် အဖွဲ့ဝင်များက မြန်မာနိုင်ငံ ဆေးကောင်စီဗဟိုအစည်းအဝေး (၁/၂၀၁၉) အစည်းအဝေးမှတ်တမ်းကို အတည်ပြုပေးကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆေးကောင်စီဘဏ္ဍာရေးမှူး ဒေါက်တာတင်ညွန့်က ကောင်စီ၏ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလများ၏ ဝင်ငွေနှင့် အသုံးစရိတ်များကို တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ ကိုယ်စားလှယ်များနှင့် အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များက အကြံပြု ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆေးကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

(သတင်းစဉ်)