နေပြည်တော် ၂၁ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ASEAN-ERAT အဖွဲ့ကိုယ်စားပြု၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဌာန၊ ဌာနအကြီးအမှူး ဒေါက်တာစည်သူဖေသိန်းနှင့် AHA Center ၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ Mr. Arnel Capili နှင့်အဖွဲ့အား ယနေ့မွန်လွဲပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ၏ ဆောင်ရွက်ထားရှိမှုအား ASEAN-ERAT အဖွဲ့က လာရောက်လေ့လာပြီးနောက် ထုတ်ပြန်ခဲ့သည့် ကနဦးလိုအပ်ချက်နှင့် ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာပါ အကြံပြုချက်များအား ဆက်လက်အကောင်အထည်ဖော်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးရန် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပခဲ့မှု၊ ယင်းသို့အကောင်အထည်ဖော်ရာတွင် တွေ့ကြုံနိုင်သည့် စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ပါဝင်မည့်ဝန်ထမ်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များ၊ သတင်းအချက်အလက်ဖြန့်ဝေရေးနှင့် ရေရှည်တွင် ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးလုပ်ငန်းများတွင် အာဆီယံနှင့် မိတ်ဘက် အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


