တာချီလိတ်  ၂၁     ဇွန်

တာချီလိတ်တွင် ဇွန် ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်သို့ လာရောက်ကြမည့် ကျောင်းသား ကျောင်းသူများအား ပေးဝေရန်အတွက် တာချီလိတ် အထက ကျောင်းသားဟောင်းများမှ ငွေကျပ် ၂၅ သိန်းကျော် တန်းဖိုးရှိ ကျောပိုးအိတ် အလုံး ၁၈၀၊ ထီးအလက် ၁၅၀ ကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနသို့ လာရောက်လှူဒါန်းသည်။

 “ကျွန်တော်တို့ အထကကျောင်းသားဟောင်းတွေ အားလုံးတိုင်ပင်ပြီး ဝိုင်းဝန်းကူညီ ကြမယ်ဆိုပြီးတော့ ကူညီကြတာ ဖြစ်ပါတယ်။ ကလေးစာပေပွဲတော် အမှတ်တရ ဖြစ်အောင်လည်း ပါပါတယ်။ အားလုံးက ဝမ်းသာကြတယ်။ ကလေးစာပေပွဲတော်က ကလေးတွေကို အားကစားစိတ်ဝင်စားအောင်၊ မူးယစ်ဆေးဝါးဘက် မပါသွားအောင်၊ ပညာရေးကို အဓိကထားပြီး ကြိုးစားအောင် အများကြီး အထောက်အပံ့ပေးပါတယ်” ဟု ကျောင်းသားဟောင်း ကိုဂျော်နီက ပြောသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ် ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်း၍ ကလေးစာပေပွဲတော်ကို ကျင်းပခြင်းဖြစ်ပြီး ကလေးစာပေပွဲတော် အထိမ်းအမှတ် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများအဖြစ် အသက် (၁၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုး ပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပလျက်ရှိသည်။

“ပွဲတော်အတွက် စာအုပ်ဒါဇင် ၁၀၄၀ လှူဒါန်းပြီးပါပြီ။ အခု ကျောပိုးအိတ်နဲ့ ထီးတွေ စုပေါင်းပြီး လှူဒါန်းကြတယ်။ စတုဒီသာအဖြစ် ကိတ်မုန့် အလုံး ၃၀ဝ၀၊ နို့ဘူး ၃၀ဝ၀ ကျွေးမွေးဖို့အတွက်လည်း စီစဉ်ထားပါတယ်။ ကျွန်တော်တို့ နေခဲ့ကျောင်းမှာ ကျွန်တော်တို့ အသက်အရွယ ်ရလာတဲ့အချိန်မှာ တစ်ဖက်တစ်လမ်းက ပြန်လည်ကူညီရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ စာပေပွဲတော်မှာ မြန်မာ့ရိုးရာ အားကစားတွေ ထည့်ပေးတာ ကောင်းတယ်။ ထုပ်ဆီးတိုးကစားနည်းကို ခုခေတ်ကလေးတွေ မကစားကြတော့ဘူး။ အခုခေတ်က ကွန်ပျူတာခေတ် ရောက်နေတော့ ကလေးတွေကို မြန်မာ့ရိုးရာ အားကစားနည်းတွေနဲ့ ထိတွေ့ပေးတာ ကောင်းတယ်” ဟု အထက ကျောင်းသားဟောင်းအဖွဲ့ နယက ဦးရဲထွန်း က ပြောသည်။

ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲသို့ လာရောက်ကြမည့်  ကျောင်းသားကျောင်းသူများကို စေတနာရှင် ပြည်သူများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်း များက စတုဒိသာများ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မင်းဟန်