ရန်ကုန် ၂၁ ဇွန်

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းမှ ဆရာများ နည်းပြများနှင့် တွေ့ဆုံကာ သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေးသည်။  

 

1

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်ဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံအစိုးရ အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်လျှင် ပါလီမန်စနစ်၊ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ အစိုးရ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၊ တပ်မတော်အစိုးရ၊ ရွေးကောက်ပွဲများက ထွက်ပေါ်လာသည့် အစိုးရဟူ၍ မတူကွဲပြားသည့် ပုံသဏ္ဍာန် (၆) မျိုးခန့် ဖြတ်သန်းခဲ့သော်လည်း အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးကို အဓိကမောင်းနှင်ခဲ့သည်မှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနပင် ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် အမျိုးသားညွှန်းကိန်း မူဘောင်များ ချမှတ်ထားပြီးဖြစ်ပါကြောင်း။

 

အဆိုပါမူဘောင်များတွင် မဏ္ဍိုင်ကြီး (၃) ရပ်ရှိပြီး မဏ္ဍိုင်(၁)အောက်ရှိ ရည်မှန်းချက်(၁)မှာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် လုံခြုံရေး၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးဟူ၍ ပါရှိကြောင်း၊ ရည်မှန်းချက်(၁)ကို အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ် အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ရွှေ့ပြောင်းခဲ့ကြောင်း။ 


တစ်ဆက်တည်းမှာပင် ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ ကောင်းမွန်သည့် အုပ်ချုပ်ရေး ယန္တရားနှင့် လူတိုင်းပါဝင်ဆုံးဖြတ်ခွင့်ရှိသည့် အုပ်ချုပ်ရေးယန္တရားဖြစ်ရေး၊ စွမ်းဆောင်မှု ပြည့်ဝသည့် လူသားအရင်းအမြစ်များ ရရှိစေရေးအတွက် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဦးစားပေးကဏ္ဍကြီး (၃)ခုကို ဖော်ထုတ်ချမှတ်ခဲ့ကြောင်း၊ အဆိုပါဦးစားပေး ကဏ္ဍကြီး(၃)ခုမှာ (၁)ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်ကြော်ငြာစာများကို ခေတ်ကာလနှင့်အညီ ပြင်ဆင်ပြောင်းလဲရန်၊ (၂) အသွင်သဏ္ဍာန် ပြောင်းလဲရေး၊ စီမံခန့်ခွဲမှု၊ ကောင်းမွန်ထိရောက်သော ဝန်ဆောင်မှုများ ဖြစ်ပေါ်လာရန်၊ (၃) ပြည်သူနှင့်အတူဟူသော အယူအဆကို အကောင်အထည်ဖော်ပြီး ပြည်သူဗဟိုပြု စီမံကိန်းများ ဆောင်ရွက်ရန်တို့ပင် ဖြစ်ပါကြောင်း။


ဦးစားပေးလုပ်ငန်းစဉ်ကြီးများကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ရန်ဆိုပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည် ပြည့်ဝရေးသည် အရေးအကြီးဆုံး ဖြစ်လာကြောင်း၊ ထို့ကြောင့် သင်တန်းကျောင်းသည် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တစ်ခုလုံး အောင်မြင်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့ကြောင်း၊ သင်တန်းကျောင်း၏ ပကတိအခြေအနေ၊ ပြောင်းလဲရန် လိုအပ်သည့် အခြေအနေများကို သိရှိနိုင်ရန်အတွက် ပြင်ပသုတေသန အဖွဲ့တစ်ဖွဲ့၏ လေ့လာချက်၊ အကြံပေးအဖွဲ့၏ လေ့လာချက်ဟူ၍ လေ့လာချက် (၂) ခု ပြုလုပ်ခဲ့ပါကြောင်း။

 

2


သင်တန်းဆင်းသွားကြပြီဖြစ်သည့် ဝန်ထမ်း (၁၈) ဦးကို မေးမြန်းချက်အရ ဖက်ဒရယ်တည်ဆောက်ရေးနှင့် ပတ်သက်၍ (၁၈) ဦးအနက် (၃) ဦးသာ သေသေချာချာ နားလည်ပြီး ကျန်သူများမှာ သေသေချာချာ နားမလည်သည်ကို တွေ့ရှိရ၍ အဆိုပါ လေ့လာချက်အပါအဝင် လေ့လာချက်များမှနေ၍ မိမိတို့ သင်တန်းကျောင်းအနေဖြင့် နိုင်ငံတော်က ဦးတည်လျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ်ကို အထောက်အကူပြုနိုင်ရေးအတွက် ကြိုးစားထမ်းဆောင်ကြရန် လိုအပ်နေသေးသည်ကို ပြောကြားလိုကြောင်း၊ ကမ္ဘာကြီးပြောင်းလဲနေသကဲ့သို့ မိမိတို့ မြန်မာနိုင်ငံတွင်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်နေကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် အခြေအနေများကို လိုက်လျောညီထွေ တုံ့ပြန်ဖြေရှင်းနိုင်စွမ်းရှိသည့် စွမ်းရည်တည်ဆောက်ပေးနိုင်ရန်အတွက် သင်တန်းကျောင်း၏ အထောက်အကူပြုနိုင်မှုများကို အဘက်ဘက်က လေ့လာထား၍ လိုအပ်ချက်များ၊ အကြံပြုချက်များလည်း များစွာရရှိထားကြောင်း။ 


သင်တန်းကျောင်းကို ပြုပြင်ပြောင်းလဲရန်အတွက် အထူးဦးစားပေးလုပ်ငန်းစဉ်များ စနစ်တကျ ချမှတ်သွားမည်ဖြစ်ကြောင်း၊ ရေတို၊ ရေရှည်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များကို အသွင်သစ်၊ အမြင်သစ်၊ အတွေးအခေါ်သစ်များဖြင့်  ကြိုးပမ်းသွားရန် လိုပါကြောင်း၊ သင်တန်းကျောင်းရှိ ဆရာ၊ နည်းပြများ၏ အခန်းကဏ္ဍကိုလည်း မိမိအနေဖြင့် အထူးအလေးထားပါကြောင်း၊ တော်သည့် ထက်မြက်သည့် ဝန်ထမ်းများ စုစည်းထားသည့် ကျောင်းကြီးဖြစ်လာစေရန် စီစဉ်နေပါကြောင်း၊ ကျောင်းသို့ ရောက်ရှိလာသည့်အတွက် တိုးတက်မှုအခွင့်အလမ်းများ မရှိနိုင်ဆိုခြင်းမျိုး မဖြစ်စေရန် အတွက် အစီအမံသစ်များ စဉ်းစားသုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းကျောင်း နည်းပြများအနေဖြင့် တက်တက်ကြွကြွဖြင့် အားသစ်မွေး၍ ကြိုးပမ်းပေးကြရန် အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယနေ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် ဖက်ဒရယ်ပြည်ထောင်စုခရီးတွင်လည်း အဓိကအုပ်ချုပ်ရေး ဒေါက်တိုင်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ကြရဦးမည် ဖြစ်ပါကြောင်း။ 


ထို့အပြင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သင့်မြတ်ရေးနှင့် သဟဇာတဖြစ်ရေးကိုလည်း အဓိက အထောက်အကူပေးနိုင်သည့် ဌာနဖြစ်သကဲ့သို့ ပဋိပက္ခများကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက်လည်း အရေးကြီးသည့် ဌာနကြီးဖြစ်သည်ကို အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲများအနေဖြင့် မိမိတို့သင်တန်းကျောင်း ပြုပြင်ပြောင်းလဲရေးကို အထူးစိတ်ဝင်စားကြကြောင်း၊ လိုအပ်သည်များကို ပံ့ပိုးကူညီရန်လည်း အသင့်ရှိကြောင်း၊ ယခုသင်တန်းကျောင်းကြီးကို နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တစ်ကယ်အကျိုးရှိ ထိရောက်အောင် စွမ်းဆောင်ပေးနိုင်သည့် ယန္တရား ကြီးတစ်ခုအဖြစ် အမြန်ဆုံးဖြစ်လာစေလိုကြောင်း ပြောကြားသည်။ 


ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည်က သင်တန်းကျောင်း သမိုင်းအကျဉ်း၊ ရည်းမှန်းချက်၊ ရည်ရွယ်ချက်၊ သင်တန်းကျောင်းတွင် ပို့ချဖွင့်လှစ် လျက်ရှိသော သင်တန်းများ၊ သင်ကြားလျက်ရှိသည့် ဘာသာရပ်များ၊ သင်ကြားလျက်ရှိသည့် နည်းပြများ၊ သင်ကြားပို့ချမှုစနစ်များကို ရှင်းလင်းတင်ပြသည်။ 


ယင်းနောက် သင်တန်းနည်းပြနှင့်ဆရာများက သင်တန်းကျောင်းတွင် လိုအပ်သည့် အခြေအနေများကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက မြေယာ၊ အခွန်၊ နယ်စပ်ဒေသ၊ဥပဒေ အစရှိသည့် ဘာသာရပ်အထူးပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရေး၊ အင်္ဂလိပ်စာကို ပိုမိုတိုးတက်ကောင်းမွန်စွာ သင်ကြားရေးနှင့် စာကြည့်တိုက်ကို အဆင့်မြှင့်၍ လိုအပ်သည့်စာအုပ်များထား ရှိနိုင်ရေးတို့ကို မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။ 

 

3


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် မကြာမီဖွင့်လှစ်နိုင်တော့မည့်  အုပ်ချုပ်ရေး ပညာဖွံ့ဖြိုးမှုသင်တန်းခန်းမသစ်တွင် အမှတ်တရသစ်ပင်စိုက်ပျိုးကာ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသားများ အိပ်ဆောင်၊ စားရိပ်သာ၊ (၃) ထပ်စာသင်ဆောင်နှင့် သင်တန်းရုံးတွင် သင်တန်းသားများ စာသင်ကြားနေမှုနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။ 


အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းကို ၂၀ဝ၃ ခုနှစ် ဇူလိုင် ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဘာသာရပ်ပေါင်း (၁၈)ခုကို သင်ကြားပို့ချလျက်ရှိကာ ယနေ့အထိ သင်တန်းပေါင်း (၈၇) ကြိမ်ဖွင့်လှစ်၍ သင်တန်းသားပေါင်း ၈၄၁၀ ကို မွေးထုတ်ပေးပြီးဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်းမှ သိရသည်။


(သတင်းစဉ်)