mdn

နေပြည်တော်  ၂၁     ဇွန် 

 

ငြိမ်းချမ်းရေးနှင့်ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာမူဝါဒ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်း ကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူ းချုပ်များ၊ ယူနက်စကိုမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ၊  ပြည်နယ်ပညာရေးမှူးများ၊ တက္ကသိုလ်နှင့်ပညာရေးကောလိပ် သင်ရိုးညွှန်းတမ်းရေး ဆွဲရေးအဖွဲ့များ၊ အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံ၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးကွဲများနှင့် အစိမ်းရောင်စီးပွားရေးအကြောင်းအရာ ဗဟုသုတများ၊ ကျွမ်းကျင်မှုများ၊ တန်ဖိုးထားမှုများ၊ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောထား အမြင်များနှင့် အတွေ့အကြုံကောင်းများပါဝင်သော သင်ကြားရေးအချက်အလက် များကို ကျောင်းသားကျောင်းသူများအတွက် ဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊  အရည်အသွေးရှိသော ပညာရေးဖြင့်သာ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေးများကို ဖော်ဆောင်နိုင်ပါကြောင်းနှင့် ကျောင်းသားကျောင်းသူ လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသော မူးယစ်ဆေးဝါးအန္တရာယ်၊ စီးကရက်၊ အရက်၊ ဘီယာ၊ ကွမ်းယာ၊ဂိမ်း၊ယာဉ်အန္တရာယ် လမ်းအန္တရာယ်တို့ကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသည်။

 

ထို့နောက်  ယူနက်စကိုဒေသဆိုင်ရာ ဒါရိုက်တာ Mr.Shigeru Aoyagi က အမှာစကားပြောကြားသည်။

 

ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အစည်းအဝေးကို အစီအစဉ်တိုင်းဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

mdn