ရန်ကုန် ၂၁ ဇွန်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား အဖွဲ့အစည်းများ ပူးပေါင်းပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ Pan Pacific Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင် က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အမှာစကားပြောကြား ရာတွင် မြန်မာနှင့်တရုတ်နှစ်နိုင်ငံ ပြည်သူများအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည် ရင်းနှီးမှုမှတစ်ဆင့် နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံမှုသက်တမ်း ၆၆နှစ်ပြည့်မြောက်သည့် ၂၀၁၆ခုနှစ်၊ ဇွန် ၈ ရက်တွင် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအထိမ်းအမှတ်နေ့ကို စတင်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း။
ယခုဆိုလျှင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် နှစ်နိုင်ငံ သိသာထင်ရှားသည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည်လည်း အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စတုတ္ထအကြိမ်မြောက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးယုံးမူက အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်သံအမတ်ကြီးတို့သည် အခမ်းအနားတက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကြပြီး ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
အဆိုပါ ဧည့်ခံပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ယနေ့အခမ်းအနားတွင် တရုတ်-မြန်မာချစ်ကြည်ရေး ပညာသင်ဆုများအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ငွေကျပ်သိန်း ၂၂၀ဝ နှင့် သဘာဝဘေးသင့်ဒုက္ခသည်များနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် တတိယ အကြိမ်မြောက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးချစ်စိန်က ငွေကျပ်သိန်း ၆၀ဝ လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


