နေပြည်တော် ၂၂ ဇွန်
နိုင်ငံတော်၏ စီးပွားရေးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်ကုန်ခန့်မှန်းခြေတွင် သင့်တင့်သော စီးပွားရေးတိုးတက်မည်ဟု ရည်မှန်းပြီး ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခဲ့ရာ ပြည်သူ့အစိုးရ (၃) နှစ်တာကာလတွင် မျှော်မှန်းချက်များ နီးစပ်လာသည်။ ထိုသို့ စီးပွားရေးအလား အလာကောင်းရှိနေသောကြောင့် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းသည် နိုင်ငံ၏ GDP ခုနစ် ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားသည်
လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာ့စီးပွားရေးအခြေအနေ ဆိုးရွားနေချိန်၌ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး အလားအလာကောင်းများ ရှိနေသည်မှာ အံ့သြဖွယ်ဖြစ်နေသလို ထိုအခြေအနေကို နိုင်ငံတကာမှ လေ့လာစောင့်ကြည့်အကဲခတ်နေကြသည်။ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်မှုအရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်
ထို့ကြောင့် မြန်မာနိုင်ငံ၏စီးပွားရေး မျှော်မှန်းချက်နှင့် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တို့သည် ကွာဟမှုကြီးကြီးမားမားမရှိသဖြင့် ခန့်မှန်းသည့်အတိုင်း ဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်လာနိုင်မည့် အခြေအနေကိုကမ္ဘာဘဏ်က ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ထားရာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏စီးပွားရေးမှာ ယခင်နှစ်များကထက် ပိုမိုတိုးတက်လာသည်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများ၊ အာမခံလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းနှင့် အခြေခံ အဆောက်အအုံကဏ္ဍတွင် ငွေကြေးသုံးစွဲမှု မြှင့်တင်ဆောင်ရွက်နိုင်ခြင်းကြောင့် တိုးတက်လာခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။
ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် စီးပွားရေးတိုးတက်မှု၏ အဓိက မောင်းနှင်အားများဖြစ်ပြီး အထည်ချုပ်လုပ်ငန်းများ၊ မော်တော်ယာဉ်လုပ်ငန်းစသည့် ကုန်ထုတ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အစိုးရ၏ လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်းများ အရှိန်အဟုန် ပြန်လည်ရရှိလာသောကြောင့် စီးပွားရေး တိုးတက်လာမည့် ခန့်မှန်းချက်များကို နီးစပ်မှုဖြစ်စေသည်။
၂၀၁၈ ခုနှစ်အတွင်းက တည်ငြိမ်မှုအားနည်းခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ယခုအခါ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်ကာ ဦးမော့စ ပြုလာပြီဖြစ်သည်။ ထိုသို့အလားအလာကောင်းများ ရှိနေသည်ကို ဆက်လက်ထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင် ဖော်ပြထားသည့် စီးပွားရေး ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်ရန်အတွက် အစိုးရပိုင်းသာမက ပုဂ္ဂလိကပိုင်းကပါ ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း မျှော်မှန်းထားသည့်အတိုင်း တိုးတက်မြင့်မားလာရေးအတွက် ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး တိုးတက်မြင့်မားလာအောင် အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်ပသွင်းကုန်လျှော့ချရေးနှင့် ပြည်တွင်းထုတ်ကုန် တိုးတက်တင်ပို့နိုင်ရေး အခြေအနေများမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာပြီး မျှော်မှန်း ထားသည့် နှစ်ကာလတွင် မြန်မာနိုင်ငံ၏စီးပွားရေး GDP ခုနစ် ရာခိုင်နှုန်း အထိ ဖြစ်လာနိုင်ခြေများနေပြီ ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အမျိုးသားစီမံကိန်း အောင်မြင်ရေးအတွက် စီးပွားရေးရည်မှန်းချက်များ၊ မျှော်မှန်းချက်များအတိုင်း ရှေ့သို့တက်လှမ်း နိုင်စေရန် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့်အညီ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
နေပြည်တော်