ဒေါ်ခင်ခင်ဦး

(၁၅-၆-၂၀၁၉ ရက်နေ့မှအဆက်)

တံခွန်တိုင် နယ်မြေတွင် ကျင်ကြီးကျင်ငယ် စွန့်ခြင်း မပြုရသည့်အပြင် တံခွန်တိုင်အဖြစ် သတ်မှတ်ထားသော တိုင်ကိုလည်း ဧည့်သည်များနှင့် အမျိုးသမီးများ ကိုင်တွယ်ခြင်း မပြုလုပ်ရပေ။ တံခွန်တိုင်ခေါင်းဆောင်များသည် သား၊ ငါး၊ ပဲပုပ်၊ မှို၊ နို့ စသည်တို့ကို စားသောက်ခြင်းမှ ရှောင်ကြဉ်ကြရ၏။ တံခွန်တိုင် နတ်ဟော်ပေါ်သို့ လူတိုင်း မတက်ရပေ။ တံခွန်တိုင်ထူသည့်အခါမှာ အထူးဂရုစိုက်ရပြီး တံခွန်တိုင်ထူနေစဉ် လဲသွားလျှင် ပြန်၍ထူခြင်းမပြုတော့ဘဲ ရွာလုံးကျွတ် အခြားနေရာဒေသသို့ ပြောင်းရွှေ့သွားတတ်ကြ၏။

ဆန်းကြယ်၍ စိတ်ဝင်စားဖွယ်ကောင်းသော ထုံးစံတစ်ခုမှာ မိမိ၏ မိဘများအမည်မှာ မည်သူမည်ဝါဟု ခေါ်ဝေါ်ပြောဆိုခြင်း မပြုရခြင်းပင် ဖြစ်၏။ မိဘများသေဆုံး သွားခဲ့လျှင် အထူးပင်သတိပြု၍ ရှောင်ကြဉ်ကြရ၏။ ထို့အပြင် လူနှစ်ဦး၊ တစ်ဦးနှင့်တစ်ဦး အမည်ဆင်တူဖြစ်နေလျှင် တစ်ဦး၏အမည်ကို တစ်ဦးက မခေါ်ဘဲတစ်ဦးနှင့်တစ်ဦး “မွီ” ဟု ခေါ်ဝေါ် ကြ၏။ အခြားစိတ်ဝင်စား ဖွယ်ကောင်းသော တဘူးတစ်ခုမှာ အိမ်တစ်အိမ်သို့ အလည်အပတ်သွားရာဝယ် ဧည့်သည်မှာ အိမ်အတက်တွင် ခြေချော်ခြင်း၊ ခလုတ်တိုက်ခြင်းဖြစ်သည်ကို ကယား အိမ်ရှင်များ မနှစ်မြို့ကြပေ။ ၎င်းအပြင် အိမ်ပေါ်တွင်ထိုင်သော အခါတွင်လည်း အိမ်ရှေ့အပေါက်ကို ကျောပေး၍ မထိုင်ရသည့်အပြင် အိမ်တွင်းသို့ ဝင်လျှင်လည်း တောက်လျှောက် ဝင်သွားရ၏။ အပေါက်ဝမှ အတွင်းသို့လှမ်းကြည့်ပြီး လှည့်ထွက်ခြင်း မပြုရပေ။ ဤတဘူးများကို ချိုးဖောက်ပါက အိမ်ရှင်အား ထိခိုက်တတ်သည်၊ လာဘ်တိတ်တတ်သည်ဟု ယူဆကြ၏။

ဂေခိုတို့လိုက်နာကျင့်သုံးကြသော တဘူးများ

ထိမ်းမြားမင်္ဂလာနှင့်ပတ်သက်၍ ဂေခိုတို့တွင် တဘူးများ ရှိကြ၏။ ဂေခိုမိဘများသည် သမီးပျိုများကို အထူးဂရုစိုက်၍ စောင့်ရှောက်ပြီး လက်မထပ်မီအတွင်း လူငယ်နှစ်ဦးမှာ ကျူးလွန်ဖောက်ပြားခြင်း မပြုကြရပေ။ ကျူးလွန်မိလျှင် ရပ်ရွာကိုထိခိုက်စေသဖြင့် ရွာကိုလျော်ကြေးပေးသည့်သဘောဖြင့် ဝက်ကိုသတ်၍ လူကြီးများကိုကျွေးမွေးကြရ၏။ ထိုဝက်သားကို သက်ကြီးဝါကြီးသူများသာ စားကြရပြီး ကလေးများ စားသောက်ခြင်း မပြုကြရပေ။ အချို့ကျေးရွာများတွင် ဤကဲ့သို့ ပြစ်မှုကျူးလွန်သူများကို ရပ်ရွာမှ နှင်ထုတ်ကြ၏။

ဂေခိုတို့ အိမ်ထောင်ဘက်ရွေးချယ်ရာ၌လည်း တဘူးများ ရှိကြပေသည်။ မောင်နှမတစ်ဝမ်းကွဲချင်း၊ နှစ်ဝမ်းကွဲချင်း၊ အဒေါ်နှင့် တူ၊ ဦးလေးနှင့် တူမ၊ မြေးနှင့် အဘွား၊ မြေးမနှင့်အဘိုး စသည်တို့သည် လက်ထပ်ခွင့် မရှိကြပေ။ ထို့အပြင် လူတစ်ဦး၏ တတိယမြောက်သားနှင့် အခြားလူတစ်ဦး၏ ပဥမမြောက်သမီးတို့မှာလည်း လက်ထပ်ပိုင်ခွင့် မရှိကြပေ။ သို့သော် ယခုအခါတွင် အချို့ကျေးရွာများ၌ မောင်နှမတစ်ဝမ်းကွဲချင်း၊ မောင်နှမနှစ်ဝမ်းကွဲချင်းကို လက်ဆက်ပေးကြ၏။

ဂေခိုတို့၏ မီးဖွားခြင်းနှင့် သက်ဆိုင်သော တဘူးများမှာ မီးဖွားသောအိမ်တွင် တောကောင်သားကို ချက်ပြုတ်စားသောက်ခြင်း မပြုရပေ။ ဤတဘူးကို ချိုးဖောက်လျှင် သေနတ်စောင့် လမိုင်းနတ် မနှစ်သက်၍ နောင်အခါတွင် တောကောင်မရဟု ယူဆကြ၏။

ကလေးမီးဖွားပြီး ချက်မကြွေမီအတွင်း မီးနေအိမ်ပေါ်သို့ ဧည့်သည်တက်ရောက်ခြင်း မပြုရပေ။ ချက်ကြွေပွဲပြုလုပ်ပြီးမှာသာလျှင် ဧည့်သည်များ အိမ်ပေါ်သို့ တက်ပိုင်ခွင့်ရှိ၏။ ဤတဘူးကို ချိုးဖောက်ပါက ထိခိုက်တတ်၊ အန္တရာယ်ဖြစ်တတ်၊ လာဘ်တိတ်တတ်သည်ဟု ယုံကြည်ကြသည်ကို တွေ့ရှိရ၏။

အမဲလိုက်ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသော တဘူးများမှာ အမဲလိုက်ရာတွင် အမျိုးသမီးများ ပါဝင်ဆင်နွှဲခြင်း မပြုရသည့်အပြင် အမဲလိုက်သော အမျိုးသားများမှာ အမဲလိုက်မထွက်မီ ချေသား၊ ဆတ်သား၊ မျောက်သား၊ မြွေသား၊ ပဲပုပ်၊ ခရမ်းသီးနှင့် မက္ကာသီး (သီဟရာဇာသီး) တို့ကို စားသောက်ခြင်းမှ ရှောင်ကြဉ်ကြရ၏။ ဤကဲ့သို့ ရှောင်ကြဉ်ရခြင်းမှာ ထိုအစားအစာများကိုစားမိပါက လာဘ်တိတ်တတ်သည်၊ အမဲလိုက်သူများအား ထိခိုက်တတ်သည်ဟု အယူရှိကြခြင်းကြောင့် ဖြစ်၏။ အမဲလိုက်ချိန်တွင် အမဲလိုက်မည့်သူတစ်ဦး၏အိမ်မှ အမျိုးသမီးတစ်ဦး ရာသီလာနေလျှင် ထိုသူမှာ လိုက်ပါခွင့်မရပေ။ အဘယ် ကြောင့်ဆိုသော် ထိုသူ၏ အိမ်သည် မသန့်ရှင်းဖြစ်နေသောကြောင့် ထိုသူလိုက်ပါက တောကောင်ရမည်မဟုတ်ဟု ယူဆကြခြင်းကြောင့်ဖြစ်၏။ အချို့သူများမှာ မသန့်မရှင်းသော မိမိတို့အိမ်တွင် အိပ်စက်ခြင်း မပြုကြဘဲ အခြားအိမ်တစ်အိမ်သို့ သွားရောက်၍ တစ်ညအိပ်ပြီးမှ အမဲလိုက်ထွက်သည်ကို တွေ့ရှိရသည်။ ထို့အပြင် မိမိအိမ်၌ အမဲလိုက်ထွက်သည်ကိုလည်း တွေ့ရှိရသည်။ ထို့အပြင် မိမိအိမ်၌ မီးဖွား နေသူရှိလျှင်လည်း မသန့်ရှင်း၍ အမဲလိုက်ခြင်းမှ ရှောင်ကြဉ်ရ၏။

ငါးဖမ်းရာတွင်လည်း ရာသီလာနေသော အမျိုးသမီးရှိသည့်အိမ်မှ အမျိုးသားသည် မသန့်မရှင်းဖြစ်နေ၍ ဟုမ်းအဆိပ်ရေချခြင်း မပြုလုပ်ရပေ။ အကယ်၍ ပြုလုပ်မိပါက ဟုမ်းအဆိပ် ပျက်ပြယ်တတ်သည်ဟု ယူဆကြ၏။

တောကြက်၊ ပူး၊ ပွေး၊ ကြွက်စသည်တို့ကို တုံးခေါင်း ခုတ်ထားသောအခါတွင် တုံးခေါင်းခုတ်သော သူ၏အိမ်၌ ဧည့်သည် လက်မခံရပေ။ တုံးခေါင်းခုတ်သောနေ့ ညဉ့်ဘက်တွင် ထိုသူသည် ဧည့်သည်နှင့် စကားပြောဆိုပိုင်ခွင် မရှိပေ။ တုံးခေါင်းခုတ်သူများသည် စားသောက်ဖွယ်များ ချက်ပြုတ်ရန်အတွက် အိုးဟောင်း၊ ခွက်ဟောင်းများကို စွန့်ပစ်ပြီး အိုးသစ်၊ ခွက်သစ်များတွင် ထည့်၍ ချက်ပြုတ် စားသောက်ကြ၏။

ဂေခိုတို့၏ စိုက်ပျိုးရေးနှင့်သက်ဆိုင်သော ရိုးရာဓလေ့ထုံးစံအရ တဘူးများလည်း ရှိကြပေသေးသည်။ ယင်းတို့မှာ ကောက်ရိတ်သိမ်းစအချိန်မှစ၍ သုံးရက်အတွင်း ကောက်ရိတ်သိမ်းနေသော ယာကွက်ထဲသို့ မည်သူမျှ ဖြတ်သန်းသွားခြင်း မပြုရပေ။ အကယ်၍ တစ်ယောက်သောသူက ဖြတ်သန်းသွားလာမိလျှင် စပါးကောင်းစွာ မထွက်တော့ဟု အယူရှိကြ၏။ စပါးရိတ်သိမ်းနေသောသူများသည် လေမချွန်ရသည့်အပြင် မိမိနာမည်ကိုခေါ်လျှင် မထူးရသကဲ့သို့ စပါးစရိတ်သောနေ့တွင် စပါးရိတ်သူများသည် ချေ၊ ဆတ်၊ မျောက်၊ မြွေသား၊ ပဲပုပ်၊ ခရမ်းသီးနှင့် မက္ကာသီး(သီဟရာဇာသီး) စသည်တို့ကိုစားသောက်ခြင်းမှ ရှောင်ကြဉ်ကြရ၏။ ပုတ်ပြီး၊ နယ်ပြီး စပါးများကို ကျီထဲသို့ သိုလှောင်ရန် သယ်ထည့်နေသော အချိန်တွင် သယ်ယူနေသူများအကြားသို့ လူများဖြတ်သန်းသွားခြင်း မပြုရပေ။ ဤတဘူးများကို ချိုးဖောက်ခဲ့လျှင် စပါးလိပ်ပြာလွင့်တတ်သည်ဟု ယုံကြည်ကြ၏။

တောင်ယာမီးရှို့ရာ တွင် မီးရှို့မည့်အမျိုးသားသည် မီးမရှို့မီတစ်ရက်၌ ရွာထဲမှာ မအိပ်ရဘဲ ရွာပြင်ထွက်၍ အိပ်ရ၏။ တောင်ယာမီးရှို့မည့်နံနက်တွင် ရွာတွင်းရှိအိမ်တိုင်း၌ ထမင်းကို အိုးဖြင့်ချက်ပြုတ်ခြင်း မပြုကြရဘဲ ဝါးကျည်တောက်ဖြင့် ဖုတ်ကြရ၍ ခေါင်ရည်ကိုလည်း ဝါးဘူးအသစ်နှင့် သောက်ကြရသည်။ ထမင်းဟင်းကိုလည်း စားနေကျ ဗျပ်တွင်ထည့်၍ စားသောက်ကြရသည်။ ဤကဲ့သို့ပြုလုပ်ခြင်းမှာ မသိုးသန့်သော ပစ္စည်းဟောင်းများအား အသုံးမပြုဘဲ သန့်ရှင်းစေရန် အသုံးအဆောင်အသစ်များ ကို သုံးသည့် သဘောပင်ဖြစ်၏။

တောင်ယာမီးရှို့နေစဉ် ရွာသို့ ဧည့်သည်ရောက်လာလျှင် မီးမကျမချင်း ထိုဧည့်သည်မှာ ရွာပြင်ဘက်သို့ ပြန်၍ထွက်ပိုင်ခွင့် မရှိပေ။ ထွက်ခဲ့လျှင် ယာကွက်မှ မီးသည်လည်း ယာပြင်ဘက်သို့ကျော်ပြီး တောမီးလောင်၍ အန္တရာယ်ဖြစ်တတ်သည်ဟု အယူရှိကြ၏။

ဂေဘားတို့လိုက်နာကျင့်သုံးကြသော တဘူးများ

ဂေဘားတို့၏ ထိမ်းမြားမင်္ဂလာနှင့်ပတ်သက်သော တဘူးများမှာ မောင်နှမတစ်ဝမ်းကွဲခြင်းသော် လည်းကောင်း၊ နှစ်ဝမ်းကွဲချင်းသော်လည်းကောင်း သွေးနီးလွန်းသဖြင့် ထိမ်းမြားလက်ထပ်ခြင်း မပြုနိုင်ကြသည့်အပြင် ဦးလေးနှင့်တူမ၊ အဒေါ်နှင့် တူ၊ အဘိုးနှင့် မြေး၊ မြေးနှင့် အဘွားတို့မှာလည်း လက်ထပ်ပိုင်ခွင့် မရှိကြပေ။ မိန်းကလေးနှင့် ယောကျာ်းလေးတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်နေကြသော်လည်း လက်မထပ်မီအတွင်း ကာယိန္ဒြေကို အထူးစောင့်ထိန်းကြရသည်။ အကယ်၍ လက်မထပ်မီ ကျူးလွန်မိပါက နှစ်ဦးစလုံးက ရပ်ရွာကို လျော်ကြေးပေးရသည့်အပြင် ရပ်ရွာလူကြီးများ၏ အပြစ်ဒဏ်ပေးခြင်းကိုလည်း ခံကြရသည်။

ကြေးမုံ

(ဆက်လက်ဖော်ပြပါမည်)