ရွှေဘို ၂၂ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့တွင် ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက Myanmar Idol Season - 4 အတွက် ပဏာမအသံစစ်ဆေးသည့်ပွဲ Mobile Casting ကို ရွှေဘိုမြို့ ရွှေဘုံရတနာမင်္ဂလာနန်းတော်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Myanmar Idol Season- 4 အတွက် အသံစစ်ဆေးခြင်းကို မိတ္ထီလာနဲ့ မုံရွာ မှာလုပ်ခဲ့ပြီးပါပြီ အခုရွှေဘိုမှာ Mobile Casting အတွက် ပဏာမ အသံစစ်ဆေးဖို့လာတာပါ၊ ပြီးရင် မန္တလေးမှာ၊ မိတ္ထီလာ မုံရွာနဲ့ ရွှေဘိုမှာ ပြုလုပ်ခဲ့တဲ့ အသံစစ်ဆေးခြင်းကို အကဲဖြတ်ရွေးချယ်မှာပါ ပြီးရင် ပြည်၊ ပျဉ်းမနား၊မော်လမြိုင် ပဲခူး၊ ပုသိမ်မြို့များမှာလည်း Mobile Casting မဏာမအသံစစ်ဆေးခြင်းကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး အသံစစ်ဆေးခြင်းမှာ ပါဝင်အရွေးချယ်ခံတဲ့သူတွေအနေနဲ့ လျှောက်လွှာပုံစံတွေကို အသံစစ်ဆေးမည့်နေရာ၌ အခမဲ့ထုတ်ယူနိုင်ပါတယ်။ အသက်အရွယ်ကိုတော့ အသက် ၁၆ နှစ်မှ ၃၀ နှစ်အတွင်း ကန့်သတ်ထားပြီး အသက် ၁၈ နှစ်အောက်ပြိုင်ပွဲဝင်မည့် သူတွေအနေနဲ့ မိဘသဘောတူညီမှုရရှိပြီးသူဖြစ်ရန် လိုအပ်ကြောင်း Mobile Casting မှ တာဝန်ရှိသူ ကိုဝေယံလွင်ဦးက ပြောသည်။
ဆက်လက်၍ ကိုဝေယံလွင်ဦးက " မိတ္ထီလာ ၊ မုံရွာ ၊ ရွှေဘို ပြီးရင် မန္တလေး မှာ အသံစစ်ဆေးမှုပြုလုပ်မှာပါ။ အဆိုပါ မြို့လေးမြို့မှာပြိုင်ထားကြတဲ့အဖြေကို ဇွန် ၂၅ ရက်နေ့မှာ အကြောင်းကြားသွားမှာဖြစ်ပြီး သီချင်းဆိုပြိုင်ထားတဲ့ သူတွေထဲကမှ သတ်မှတ်အရည်အချင်းပြည့်မီတဲ့သူကို ရွေးပြီးနောက်တစ်ဆင့်ကို ခေါ်သွားမှာဖြစ်ပါတယ် " ဟု ပြောကြားသည်။
" အရမ်းဝါသနာပါတယ် Myanmar Idol ကို အမြဲအားပေးနေသူပါ အခု အဆိုတော် တေးသံရှင် အိုင်းရင်းဇင်မာမြင့်ရဲ့ ထပ်တူညီတဲ့အချစ် သီချင်းနဲ့ သီဆိုယှဉ်ပြိုင်သွားမှာပါ အကောင်းဆုံးကြိုးစား သီဆိုသွားမှာပါ " ဟု ကျွန်းလှမြို့နယ် ကုက္ကိုကုန်းကျေးရွာနေ မဆုမြတ်လှိုင်က ပြောကြားသည်။
"Myanmar Idol ကို Season - 1 ကနေ Season - 3 ထိ အားပေးခဲ့သူပါ အခု Season - 4 မှာကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်မှာပါ အရမ်းကိုဝါသနာပါ ပါတယ်။ သီဆိုယှဉ်ပြိုင်မဲ့သီချင်းက အဆိုတော် ဖိုးကာရဲ့ လမ်းခွဲ သီချင်းနဲ့ ယှဉ်ပြိုင်သွားမှာပါ။ အကောင်းဆုံးကြိုးစားသွားမှာပါ " ဟု ကောလင်းမြို့ မှ ကိုသိန်းမျိုးထွန်းက ပြောကြားသည်။
ရေဦးမြို့ မှ ကိုဇင်မင်းထက်က " ဝါသနာပါလွန်းလို့ လာရောက်ယှဉ်ပြိုင်တာပါ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ကြိုးစားသွားမှာပါ။ အဆိုတော် အောင်ထက်ရဲ့ သဘာဝနှင့်တွေ့ဆုံခြင်းသီချင်းနဲ့ သီဆိုယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း " ပြောကြားသည်။
Mobile Casting အတွက် မိတ္ထီလာ၊ မုံရွာ၊ ရွှေဘို၊ မန္တလေးမြို့တွေမှာ ရွေ့လျားယာဉ်ဖြင့် ပဏာမအသံစစ်ဆေးခြင်းကိုပြုလုပ်နေပြီး Mobile Casting အဖွဲ့သား ၁၉ ဦးပါရှိပြီး ရွှေဘိုမြို့တွင် MyanmarIdol Season -4 အတွက် ပဏာမအသံစစ်ဆေးမှုပြုလုပ်ရာတွင် ရွှေဘိုမြို့နယ်အပါအဝင် အခြားမြို့နယ်များမှ လာရောက်ယှဉ်ပြိုင်သူ ဝါသနာရှင် ၂၇၀ ဦးခန့်ရှိကြောင်း Mobile Casting မှ တာဝန်ရှိသူ ကိုဝေယံလွင်ဦးထံမှ သိရသည်။
မိုးသောက် (ရွှေဘို)