မန္တလေး ၂၂ ဇွန် 


ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Outstanding ASEAN Women Entrepreneur Award 2019 ဆုပေးပွဲတွင် မန္တလေးမြို့မှ အမျိုးသမီး ၅ ဦး ဆုရရှိခဲ့ကြောင်း သိရသည်။ 


Outstanding ASEAN Women Entrepreneur Award 2019 ဆုပေးပွဲသည် အာဆီယံနိုင်ငံများထဲမှ စွန့်ဦးတီထွင်သည့် အမျိုးသမီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအား ပေးအပ်သည့် ဆုဖြစ်သည်။ အဆိုပါဆုရရှိခဲ့သည့် အမျိုးသမီး ၅ ဦးအား ယနေ့ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုမှုပြုလုပ်ခဲ့ကြသည်။ 


"အာဆီယံနိုင်ငံတွေထဲက ယှဉ်ပြိုင်တဲ့ ၈၇ ယောက်မှာ မြန်မာက ၁၀ ယောက်ရခဲ့ပါတယ်။ မန္တလေးက ငါးယောက်၊ ရန်ကုန်က ငါးယောက်ရခဲ့ပါတယ်''ဟု ဆုရရှိခဲ့သည့် New Technical Group Computing Co,Ltd မှ ဒေါ်သီရိခေတ်က ပြောသည်။ 


Outstanding ASEAN Women Entrepreneur Award 2019 တွင် မန္တလေးမြို့မှ ဆုရရှိခဲ့သည့် အမျိုးသမီးငါးဦးမှာ  New Technical Group Computing Co,Ltd မှ ဒေါ်သီရိခေတ်၊ New Star Light Group ကုမ္ပဏီမှ ဒေါ်မေရင်၊ Unique Generation Group Computing ကုမ္ပဏီမှ ဒေါ်ခင်ဝင်းဆွေ၊ Shwe Myanmar Garment ကုမ္ပဏီမှ ဒေါ်နွယ်နီသိန်း၊ Aung Wint Htae ကုမ္ပဏီမှ ဒေါ်အေးအေးအောင်တို့ ဖြစ်သည်။ 


ဆုရွေးချယ်ရာတွင် ကုမ္ပဏီ သက်တမ်း ၅ နှစ်ရှိရမည်ဖြစ်ကာ စွန့်ဦးတီထွင်သည့် လုပ်ငန်းဖြစ်ခြင်း၊ အမျိုးသမီး ဝန်ထမ်းခန့်ထားမှု၊ ဒေသတွင်း အကျိုးပြုလုပ်ငန်း ဆောင်ရွက်မှု၊ အစိုးရအား တရားဝင် အခွန်ဆောင်ထားမှု စသည့်အချက်များကို ကြည့်ကာ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ 


Outstanding ASEAN Women Entrepreneur Award ဆုပေးပွဲကို ၂၀၁၄ မှ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့မှ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များသည် ၂၀၁၇ ခုနှစ်မှ စတင်ပြီး ဆုရရှိခဲ့ကြောင်း သိရသည်။ 


အိမို့မို့ခိုင်