နေပြည်တော် ၂၂ ဇွန်
၂၀၁၉ ခုနှစ် ဇွန် ၂၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့မဈေးရှေ့၌ ကျင်းပသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အချက်ပေးသေနတ် ပစ်ဖောက်၍ စတင်တာလွှတ်ပေးပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံလုပ်သားပြည်သူများ စုစုပေါင်းအင်အား ၂၉၀ဝ ကျော် ပါဝင်ဆင်နွှဲကြသည်။
လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများသည် စတင်တာလွှတ်သည့် နေပြည်တော် မြို့မဈေးရှေ့မှ ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း သပြေကုန်းအဝိုင်းမှတဆင့် မြန်မာ့ ကျောက်မျက်ရတနာပြတိုက်အထိ ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ ပန်းဝင်ကြပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူများကို အားကစားနှင့်ကာပညာဦးစီးဌာနမှ တာဝန်ရှိသူများ က ရေသန့်ဘူးနှင့် အစားအစာများ ပေးဝေကြသည်။
ထို့ပြင် ပါဝင်ဆင်နွှဲကြသူများသည် မြန်မာ့ကျောက်မျက်ရတနာပြတိုက်ရှေ့၌ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ (၂)နှင့် Free Hand Exercise တို့ကို ပြုလုပ်ခဲ့ကြသည်။ နှစ်စဉ် ဇွန်(၂၃)ရက်ကို အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားပြီး လူထုစုပေါင်း လမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းလုံးရှိ အမြို့မြို့အနယ်နယ်များတွင်လည်း ကျင်းပလျက်ရှိကြောင်း သိရသည်။
မောင်လူမော်