နေပြည်တော် ၂၂ ဇွန်
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ဇွန် ၂၀ ရက်က ပျဉ်းမနား-တောင်ညို-တောင်တွင်းကြီး မိုင် (၃၆/၄-၃၆/၅) ကြားတွင် Maccaferri ၏ နည်းပညာဖြင့် System Terramesh Geo Grid တို့ကို အသုံးပြု၍ (၁၂၇) မီတာအရှည်၊ (၁၀)မီတာအမြင့် မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နည်းပညာအသစ်ဖြင့် မြေထိန်းနံရံအား စမ်းသပ် တည်ဆောက်ခြင်းဖြစ်၍ မိုးတွင်းကာလတွင် မြေထိန်းနံရံအခြေအနေကို မျက်ခြေမပျက် စောင့်ကြည့်၍ မှတ်တမ်းတင်ထားကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတံတား (သရက်-အောင်လံ) စီမံကိန်း (အောင်လံဘက်ခြမ်း) သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တံတားတည်ဆောက်ရေးတာဝန်ခံ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းလင်းက တံတားဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် ရန်ပုံငွေအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။ ဧရာဝတီတံတား (သရက်-အောင်လံ) သည် (၂၂၇၂ ဒသမ ၅) မီတာအရှည်နှင့် (၁၀ ဒသမ ၅) မီတာအကျယ်ရှိပြီး Bored Pile အုတ်မြစ်၊ သံမဏိ သံပေါင် အမျိုးအစားဖြစ်ပါသည်။ ယခုအခါ တံတား ချဉ်းကပ်လမ်း Bored Pile အုတ်မြစ်များ ဆောင်ရွက်နေပြီး တံတားတစ်စင်းလုံး၏ (၂ ဒမသ ၂) ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရှိရသည်။
ဇွန် ၂၁ ရက်တွင် နတ်တလင်းမြို့နယ်ရုံး၌ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဇော်ထွန်းက သာယာဝတီခရိုင်အတွင်း လမ်းတံတားလုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နတ်တလင်း-တာပွန်-မယင်းငယ်-ပတ္တော်-မိုးညို-ထိန်တော-လက်ပံတန်း လမ်းအား ကြည့်ရှု စစ်ဆေးခဲ့ရာ မိုင်(၅၄/၄-၅၄/၅)ကြားရှိ ငါးပြေမ (၂၆၀)ပေ ဘေလီတံတား၊ မိုင် (၄၆/၁) အနီး တံတားအမှတ် (၁/၄၇) (၂၄၀)ပေ မြစ်သာပေါက်ဘေလီတံတား၊ မိုင် (၂၀/၄) အနီး တံတားအမှတ် ၁/၂၁(၉၀ဝ) ပေအရှည်ရှိ ဘေလီတံတားများ၏ ကြံ့ခိုင်မှုအခြေအနေ၊ ရေလမ်းကြောင်း အခြေအနေနှင့် တံတားအနီး ကမ်းပါးရေတိုက်စားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တံတားအမှတ်(၁/၂၁) ထွဋ်မြတ်တံတား (ထိန်တောဘက်ခြမ်း) ကမ်းပါးရေတိုက်စားမှုအား ရေကာတန်းများ အမြန်ဆုံးရိုက်၍ ရေတိုက်စားမှုအားကာကွယ်သွားရန်မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ထိန်တော -ဇင်းချောင်းလမ်း မိုင်တိုင် (၁၄/၃) တွင် ကတ္တရာလမ်းအခြေအနေ ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တောင်ကြိုကုန်း-သနာပိုလမ်း မိုင်(ဝ/၅)နှင့်(ဝ/၆) ကြား ကုမ္ပဏီမှ တည်ဆောက်နေသော (၄၀)ပေအရှည် သံကူကွန်ကရစ် တံတား၏ ပြီးစီးမှုအခြေအနေနှင့် မိုင်(၁/၃)နှင့် (၁/၄)ကြား ကညင်ပင် ပေ (၁၂၀) ဘေလီတံတား တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပေ (၄၀) ကွန်ကရစ် တံတားအား မိုးရာသီတွင် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် ဇူလိုင်လအကုန်တွင် အပြီးတည်ဆောက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လက်ပံတန်း-ကျွန်းကလေးလမ်းပေါ်တွင် IDECO ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော ကျွန်းကလေးတံတား ပေ(၁၄၀) တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
