ရန်ကုန် ၂၂  ဇွန် 


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည်  ယနေ့ မွန်းလွဲပိုင်း တွင် အဆောက်အဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁)မှ တည်ဆောက်နေသော ရန်ကုန်မြို့၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အရိုးရောဂါအထူးကု ဆေးရုံကြီး (ကြည့်မြင်တိုင်) တိုးချဲ့(၅) ထပ်ဆောင်(၁)ဆောင်နှင့် (၈)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ (၁)လုံးတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် အဆောက်အဦ ဦးစီးဌာနမှ မြို့ပြ/ လျှပ်စစ်/ ရေသန့်တို့မှ တာဝန်ရှိသူများက အရိုးရောဂါ အထူးကုဆေးရုံကြီး တိုးချဲ့(၅)ထပ်ဆောင် ဆောက်လုပ်ခြင်း၊ (၈)ခန်းတွဲ(၄)ထပ် ဝန်ထမ်း အိမ်ရာ(၁)လုံး တည်ဆောက်နေမှု၊ Quality Control လုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုတို့နှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာသေသပ် ကောင်းမွန်ရေး အထူး အလေးထား ဆောင်ရွက်ရန်နှင့် နောင်တစ်ချိန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူစေရန် ယခုတည်ဆောက်ရေးမှတ်တမ်း ပြည့်ပြည့်စုံစုံအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း မြေညီထပ်နှင့် ပထမထပ် ဆောင်ရွက်ထားရှိမှု၊ ဒုတိယထပ် ကြမ်းခင်း သွန်းလောင်း ပြီးစီးမှု နှင့် ကွန်ကရစ်တိုင်များ ဆက်လက်သွန်းလောင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကွန်ကရစ်အရည်အသွေးကို အဓိကထား စစ်ဆေးပေးရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။


ယခုတည်ဆောက်နေသည့် အရိုးရောဂါ အထူးကုဆေးရုံကြီး တိုးချဲ့ဆောင်သည် အလျား(၁၅၄) ပေ၊ အနံ(၉၁)ပေရှိ (၅)ထပ် RC အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ အနေဖြင့် အလျား(၁၈၄)ပေ၊ အနံ(၄၃) ပေရှိ (၈)ခန်းတွဲ(၄)ထပ် အဆောက်အဦ(၁)လုံး ပါဝင်ပြီး လုပ်ငန်းတစ်ခုလုံး(၄၀)% ပြီးစီးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ် 

 

1