ရန်ကုန် ၂၂ ဇွန်

ခရီးသွားလုပ်ငန်းများ တိုးတက် ကောင်းမွန်လာစေရေးအတွက် ရည်ရွယ်၍ ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရန် Air KBZ Ltd.မှ ATR- 72-600 (2019 Version) လေယာဉ်သစ်(၄)စီး မှာယူထားရာ ပထမအသုတ်အနေဖြင့် လေယာဉ်အမှတ် MSN-1528(XY-AMN)နှင့် MSN-1531(XY-AMO)လေယာဉ်နှစ်စီးတို့သည် ပြင်သစ်နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၁၉ခုနှစ် မေ ၆ ရက်တွင်လည်းကောင်း၊ ဒုတိယအသုတ်အဖြစ် လေယာဉ် အမှတ် MSN-1540(XY-AMQ)သည် ဇွန် ၁၇ ရက်တွင်လည်းကောင်း ဆိုက်ရောက်ခဲ့ကြပြီး ယနေ့  ညနေ ၄ နာရီ ၄၅ မိနစ်တွင် လေယာဉ်အမှတ် MSN-1534(XY-AMP)သည် တတိယအသုတ်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိလာသည်။

 

mdn

 

အဆိုပါလေယာဉ်သစ် (၄)စီးအပါအဝင် စုစုပေါင်းလေယာဉ်(၁၀)စီးဖြင့် Air KBZ Ltd.သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တို့မှ ပြည်တွင်းခရီးစဉ်များဖြစ်သော နေပြည်တော်၊ ညောင်ဦး၊ ဟဲဟိုး၊ မြစ်ကြီးနား၊ တာချီလိတ်၊ လားရှိုး၊ လွိုင်ကော်၊ ကလေး၊ သံတွဲ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲပေးနေသည့်အပြင် ပြည်တွင်း ပြည်ပသို့ စင်းလုံးငှား (Charter Flight)များပါ ပျံသန်းပြေးဆွဲပေးနေရာ မကြာမီအချိန် ကာလတွင် အိမ်နီးချင်းပြည်ပနိုင်ငံများရှိ မြို့ကြီးများသို့ပါ တိုက်ရိုက်ပျံသန်းပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ-ဇော်မင်းလတ်(MNA)