ကျောက်ဖြူ ၂၂ ဇွန်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ပြည်နယ်ဝန်ကြီးများသည် ကျောက်ဖြူမြို့ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း တည်ဆောက်နေမှုများအား ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ရာ ဆောက်လုပ်ရေး ရှင်းလင်းဆောင်တွင် အစိုးရစက်မှု လက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာဖြိုးဝေလင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတည်ဆောက်နေသော ကုမ္ပဏီများက ရှင်းလင်းတင်ပြခဲ့ကြကာ ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် စနဲမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပရာ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မိမိလာရောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူများ၏ ဝေဖန်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်၊ ဒေသခံပြည်သူများ၏ အသံတွေကိုကြားမှသာ အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ပြည်သူများ၏ ဝေဖန်အကြံပြုချက်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပြည်သူကတင်မြှောက်ပေးသော အစိုးရအဖွဲ့ဖြစ်သည့်အတွက် ပြည်သူများ၏ လိုအပ်ချက်များကို တစ်ချိန်တည်းဖြေရှင်းပေးနိုင်သော ကိစ္စရပ်များကို တစ်ခါတည်း ဖြေရှင်းပေးသွားမည်ဖြစ်ပြီး ယခုဆောင်ရွက်၍ မရသည့် ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒေသခံပြည်သူများက မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ကျမ်းမာရေး၊ ပညာရေး၊ လူမှုရေး၊ လမ်း၊ မီး၊ ရေရှိရှိရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒေသခံများ၏ တင်ပြချက်များကို တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြည်လည်ဆွေးနွေးရှင်းလင်းပေးခဲ့ပြီး ဝန်ကြီးချုပ်မှ စနဲမြို့၊ မြို့နယ်ခန်းမ မီးသွယ်တန်းခြင်းနှင့် မီးတပ်ဆင်ခအတွက် အလှူငွေကျပ် သုံးသိန်းခုနှစ်သောင်းနှင့် အထက(ဇင်ချောင်း) မီးသွယ်တန်းရန်နှင့် ကွန်ပြူတာ တစ်စုံအတွက် ငွေကျပ် (၁၁)သိန်းကို ပေးအပ်ရာ စနဲမြို့အုပ်ချုပ်ရေးမှူး ဦးစိုးထက်လှိုင်နှင့် မြို့မိမြို့ဖများက လက်ခံခဲ့ကြသည်။ ဆက်လက်၍ ညနေ (၄)နာရီအချိန်တွင် ဇင်ချောင်းတိုက်နယ်၊ အထက်တန်းကျောင်း၊ ပိတောက်ဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ ဒေသခံပြည်သူများက လိုအပ်ချက်များအား တင်ပြခဲ့ကြပြီး ဇင်ကျောင်း အထကကျောင်းအတွက် Printer နှင့် Project တစ်စုံအတွက် ငွေကျပ် (၉)သိန်းကိုပေးအပ်ရာ ကျောင်းတာဝန်ခံ ဦးအောင်ကိုထွန်းမှ လက်ခံရယူခဲ့ပြီး ဝန်ကြီးချုပ်က တင်ပြချက်များအား ပြန်လည်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

ဖြိုးဝေလင်း(ပြန်/ဆက်)