ရန်ကုန် ၂၂ ဇွန်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခွာနာလျှာနာရောဂါ ကာကွယ်ဆေးဝါးထုတ်လုပ်ရေးစက်ရုံ ပန္နက်တင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Ichiro Maruyama၊ JICA, Chief Representative Mr. Masayuki Karasawa၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ Yamashita Sekkei CM and Takenaka Corporation မှကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်နိုင်ငံ သံအမတ်ကြီးတို့က အဖွင့်အမှာစကား ပြောကြားကြပြီး စီမံကိန်းဒါရိုက်တာက ခွာနာလျှာနာရောဂါ ကာကွယ်ဆေးဝါး ထုတ်လုပ်ရေး စက်ရုံတည်ဆောက်မှု လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဂျပန်နိုင်ငံသံအမတ်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ခွာနာလျှာနာရောဂါ ကာကွယ်ဆေးဝါးထုတ်လုပ်ရေး စက်ရုံတည်ဆောက်မည့် သတ်မှတ်နေရာများတွင် ပန္နက်တင်မင်္ဂလာကို ဆောင်ရွက်ကြသည်။
ယနေ့ ပန္နက်တင်သည့် ခွါနာလျှာနာ ရောဂါကာကွယ် ဆေးဝါးထုတ်လုပ်ရေးစက်ရုံသည် Roller bottle culture method အသုံးပြုပြီးတစ်နှစ်လျှင် ကာကွယ်ဆေးတစ်သန်းထုတ်လုပ် နိုင်မည်ဖြစ်ပြီး အဆိုပါစက်ရုံ တည်ဆောက်ခြင်းနှင့် ဓါတ်ခွဲခန်းသုံးပစ္စည်း ကိရိယာများအတွက် ဖွံ့ဖြိုးတိုးတက်မှု အကူအညီအထောက်အပံ့အဖြစ် ဂျပန်ယန်း ၁၄၁၇ သန်းကို ဂျပန်နိုင်ငံအစိုးရက ကူညီပေးခြင်းဖြစ်သည်။
ခွါနာလျှာနာရောဂါကာကွယ်ဆေး ပိုမိုထုတ်လုပ်ပေးခြင်းနှင့် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း လုပ်ငန်းများ တိုးတက်မြင့်မားလာစေခြင်းမှတဆင့် မြန်မာနိုင်ငံတွင် ခွါနာလျှာနာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်လာနိုင်စေပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ဆောင်ရွက်သော ယခုတည်ဆောက်ရေး စီမံကိန်းကို ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ပြီးစီးအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် အခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး ကော်မတီဥက္ကဌ ဦးညီလှငယ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းနှင့် ပါမောက္ခဌာနမှူးများနှင့်အတူ ရန်ကုန်တက္ကသိုလ်ရာပြည့် အခမ်းအနားကျင်းပရေး အကြိုလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်နေမှု၊ ကံ့ကော်ပင်များပြုစု ထိန်းသိမ်းထားရှိမှု၊ ရေနုတ်မြောင်းများ ပြုပြင်မွမ်းမံရန် စီစဉ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က လိုအပ်ချက်များ ဖြည့်စွက်မှာကြားပြီး ရန်ကုန်တက္ကသိုလ် ရေရှည်လှပသာယာရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများအားဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)