မိတ္ထီလာ ၂၃ ဇွန်

 

မိတ္ထီလာမြို့နယ် မိတ္ထီလာတက္ကသိုလ်ရှေ့ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းအနီးတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကိုကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင် တက်ရောက် စိုက်ပျိုးပေးကြောင်း သိရသည်။

 

ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဗဟိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးနှင့် မိတ္ထီလာတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဘဟန် ထံသို့ စိုက်ပျိုးမည့်သစ်ပင်များကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပေးအပ်သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးအေးခိုင် နှင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်ထံသို့ စိုက်ပျိုးမည့်သစ်ပင်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် က လည်းကောင်း၊ မိတ္ထီလာတက္ကသိုလ်မှ ကင်းထောက်မောင်မယ်များ၊ ကြက်ခြေနီကျောင်းသူကျောင်းသားများနှင့် တက္ကသိုလ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအဖွဲ့ဝင်များထံသို့ စိုက်ပျိုးမည့်သစ်ပင်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် က လည်းကောင်း အသီးသီးပေးအပ်သည်။ 

 

ထိုနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် စိန်ပန်းနီ ၅၂ ပင် ( အမြင့်၁၅ ပေနှင့်အထက် ) အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊  ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများက စုပေါင်း၍ စိုက်ပျိုးခဲ့ကြောင်းသိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)