လွိုင်ကော် ၂၃ ဇွန်   

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားရရှိစေရန် ရည်ရွယ်၍ ဇွန် ၂၃ ရက် နံနက် (၉) နာရီခွဲက လူသုံးကုန် ထုတ်လုပ်နည်းသင်တန်း (၁၀/၂၀၁၉) ဖွင့်ပွဲကို မထောခူကျေးရွာအုပ်စု၊ ဝမ့်ကွန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 

a4

 

အခမ်းအနားတွင် ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းထိုက် က အဖွင့်အမှာစကားပြောကြားရာ " ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းမှာ ကျေးရွာရှိ ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး အသိပညာတိုးပွား၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ အသုံးချနိုင်စေမှာဖြစ်တဲ့အတွက် သင်တန်းသူများအနေဖြင့် ကြိုးကြိုးစားစားသင်ယူ လေ့လာကြပါ" ဟု မှာကြားခဲ့သည်။ 

ဆက်လက်၍ လွိုင်ကော်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်ဇော် က ကျေးလက်ဦးစီးဌာန၏ လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်သည်များ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မထောခူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးငါးရယ်ရွှေထွန်း က " ယခုလို မိမိတို့ ကျေးရွာမှာရှိတဲ့ ကျေးလက်နေပြည်သူများအတွက် ကျေးရွာအရောက် ကွင်းဆင်းကာ အသက်မွေးဝမ်းကျောင်း ပြုနိုင်တဲ့ လူသုံးကုန်ထုတ်လုပ်နည်းဖြစ်တဲ့ ဆပ်ပြာချက် သင်တန်းဖွင့်လှစ် သင်ကြားပေးတဲ့အတွက် ဝမ်းမြောက်မိကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကျေးရွာ (၄)ရွာမှ ကိုယ်စားပြု၍ လာရောက်သင်ကြားကြတဲ့ သင်တန်းသူ သင်တန်းသားများ အနေဖြင့်လည်း စိတ်ပါဝင်စားစွာ ကြိုးကြိုးစားစား သင်ယူကြပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီသင်တန်းကို မတက်ရောက်နိုင်တဲ့ အိမ်အနီးနားချင်းတွေထဲက တတ်မြောက်လိုတဲ့ဆန္ဒရှိသူတွေကို လက်ဆင့်ကမ်း သင်ကြား ပေးကြပါဟု " မှာကြားခဲ့သည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းထိုက်နှင့် တက်ရောက်လာသူများက သင်တန်းသား၊ သင်တန်းသူများ လက်တွေ့ဆပ်ပြာချက်လုပ်နေမှုနှင့် ပြုလုပ်ပြီး ကုန်ချောများကို ကြည့်ရှု့အားပေးခဲ့သည်။

အဆိုပါသင်တန်းအား မထောခူကျေးရွာအုပ်စု အတွင်းရှိကျေးရွာ(၄) ရွာများမှ ဒေသခံပြည်သူများ တက်ရောက်ကြရာ သင်တန်းသားသင်တန်းသူ  (၂၅)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြ (၂) ဦးဖြင့် သင်ကြားမည်ဖြစ်၍ သင်တန်းကာလမှာ (၁၀) ရက် ဖြစ်ကြောင်းသိရသည်။

ကိုစိုင်း(လွိုင်ကော်)