ဒေးဒရဲ ၂၃ ဇွန်
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေး သင်တန်းအား ဖွင့်လှစ် ပေးရခြင်းဖြစ်ပြီး သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးမေးမြန်းကြရန်လိုအပ်ကြောင်း၊ သင်တန်းတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးဥပဒေများ၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ ဥပဒေရေးရာများနှင့် လယ်ယာမြေဥပဒေဆိုင်ရာ ဘာသာရပ်များအား သင်ကြားပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့မတိုက်နယ်က ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ စုစုပေါင်း (၂၃၃)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်ဆက်)