ဂန့်ဂေါ ၂၃ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တောင်ခင်ရန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ကုန်ထုတ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇေယျက တောင်ခင်ရန်းကျေးရွာသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သော ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ ဆည်ရေသောက် လယ်ယာမြေ(၁၅၀ဝ)ကျော်ရှိပြီး အဆိုပါ လယ်မြေများမှ ထွက်ကုန်များကို ရေမြောင်းများကြားမှ နွားလှည်းများနှင့် ခက်ခဲစွာ သယ်ယူခဲ့ရကြောင်း၊ လယ်ယာသုံး စက်ကိရိယာများဝင်ထွက်ရန် ခက်ခဲသောကြောင့် လယ်ယာထွက်ကုန်များ ဈေးကွက်အတွင်းသို့ အချိန်မီမရောက်သည့်အတွက် နစ်နာမှုများရှိခဲ့ကြောင်း၊ ယခုတောင်ခင်ရန်းကျေးရွာ ကုန်ထုတ်လမ်း အလျား ၁ မိုင် ၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေထုကျောက်ရော မြေခင်းခြင်းနှင့် ကုန်ထုတ်တံတား အရှည်ပေ ၂၀၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၂ ပေရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုတးက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၆၅ ဒသမ ၂၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် မြစ်သာဂန့်ဂေါကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း ပြောပြသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းအောင်၊ ဂန့်ဂေါမြို့နယ်ဦးစီးမှူး ဦးအောင်ဇေယျနှင့် တာဝန်ရှိသူများက တောင်ခင်ရန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
အဆိုပါ တောင်ခင်ရန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိတောင်သူဦးရေ ၂၈၀ ၏ လယ်ယာ ဧက ၁၅၀ဝ ကျော် ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါလယ်ယာများမှ ထွက်ရှိသော လယ်ယာ ထွက်ကုန်များကိုလည်း ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)