မြစ်ကြီးနား ၂၃ ဇွန်

ကချင်ပြည်နယ်၊ ဟူးကောင်းဒေသ တနိုင်းမြို့နယ်နှင့် ရှင်ဗွေယန်ဒေသတို့တွင် ဒေသခံပြည်သူများ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး လူထုတွေ့ဆုံပွဲများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လယ်မဲ့ယာမဲ့ တောင်သူများအတွက် စိုက်ပျိုးမြေများ ဖော်ထုတ်ပေးနေမှုများကို ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမျိုးသား၊ ပြည်သူနှင့် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် တနိုင်းမြို့နယ်သို့ သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

5426

 

ရှေးဦးစွာ ဇွန် ၂၁ ရက်တွင် မြစ်ကြီးနားမြို့မှ တနိုင်းမြို့သို့ ထွက်ခွာခဲ့ကြပြီး ကောင်ရာကျေးရွာတွင် လယ်မဲ့ယာမဲ့တောင်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၆၀ သန်းဖြင့် စိုက်ပျိုး မြေဧက ၂၂၀ ဖော်ထုတ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ တောင်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းဒေသအတွင်း လယ်မဲ့ယာမဲ့ တောင်သူများ အတွက် စိုက်ပျိုးမြေများကို နှစ်အလိုက် ဖော်ထုတ်ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးမြေများ ဖော်ထုတ်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ ရေမြောင်းနှင့် ကုန်ထုတ်လမ်းများ ထပ်မံ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ 

မွန်းလွဲပိုင်းတွင် တနိုင်းမြို့ ဟူးကောင်းခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်း ဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က  ယနေ့လာရောက်ရခြင်းသည် ဒီဒေသမှာရှိတဲ့ ဘာတွေ လိုအပ်သည်၊ အခက်အခဲတွေ ဘယ်လိုရှိနေသည်ကို နားထောင်ပြီး ဖြည့်ဆည်းပေးနိုင်တာတွေကို ဖြည့် ဆည်းပေးနိုင်ဖို့ လာရောက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းချက်၊ ရည်မှန်းချက်များချမှတ်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတို့အတွက် အကောင်ထည်ဖော်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်ထောင်စု ဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများကို ဦးစားပေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်သည်နေရာတွင် ပြည်သူများက ပူးပေါင်း ပါဝင်မှသာ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဒါကြောင့် မိမိတို့ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများတွင် အဓိကတာဝန်ရှိသည်ဟု မမှတ်ယူဘဲ မိမိတို့တွင်လည်း စောင့်ကြည့်ကြပ်မတ်ဖို့ တာဝန်ရှိကြောင်းနှင့် သို့မှသာ ပြည်သူတွေ အတွက် အမှန်တကယ် အရည်အသွေးပြည့်မီပြီး ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တနိုင်းဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လမ်းနှင့် တံတားများ တည်ဆောက်ပေးရေး၊ ဆည်ရေရရှိရေး၊ လယ်ယာမြေအငြင်းပွားမှုကိစ္စရပ်များ၊ အလုပ်အကိုင် အခွင့်အလမ်း အတွက် ရွှေမှော်နှင့် ပယင်းမှော်များ လုပ်ကွက်ချထားပေးရေး၊ လျှပ်စစ်မီးလင်းရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရေးစသည့် ကိစ္စရပ်များကို တင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက လိုအပ်ချက်များနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ရန်လျာထားမှုတို့ကို  ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။ 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တနိုင်းမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး အလှူငွေကျပ် ၅ သိန်းနှင့် လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပြီး တနိုင်းမြို့ပတ်လမ်း တနိုင်း-အောင်စိုးမိုး-အေးသုခလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် တနိုင်းမြို့ နှစ်ခြင်းခရစ်ယာန်အ သင်းတော် နှင့် စိန့်ဂျိုးဇက်ကက်သလစ် အသင်းတော်ဝင်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကားပြောကြားကာ မိသားစုများ၏ အခက်အခဲတင်ပြမှုများကို ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးပြီး အသင်းတော်များအတွက် အလှူငွေကျပ် ၁၅ သိန်းစီနှင့် မိသားစုများ၏ ကျောင်းသားကလေးငယ်များအတွက် ကျောပိုးအိတ်၊ စာအုပ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း တနိုင်းတံတား၏ ရှင်ဗွေယန်ဘက်ကမ်းတွင် တံတား ချဉ်းကပ်လမ်း မူလလမ်းဟောင်းပြိုကျသွားသည့် အပိုင်းနေရာတွင် မြေသားတာဘောင်တင်ခြင်းလုပ်ငန်းနှင့် သဲကျောက်အမာလမ်းခင်းကြိတ်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ရှင်ဗွေယန်သွားလမ်းပေါ်ရှိ လမုန်၊ ရှိန်လုံဂါး၊ တရုံ၊ တဆိတ်ကျေးရွာများတွင် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်တွေ့ဆုံခဲ့ပြီး ရှင်ဗွေယန်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ယင်းနောက် ဒေသခံပြည်သူများ၏ ဒေသလိုအပ်ချက်အတွက် စိုက်ပျိုးမြေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ ကျေးရွာချင်းဆက်လမ်း၊ မူးယစ်ဆေးဝါးကိစ္စရပ်များနှင့် မှတ်ပုံတင်ရရှိရေး၊ ပညာရေး၊ ကျန်းမာ ရေးလိုအပ်ချက်များ တင်ပြမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၏ ပြန်လည်ရှင်းလင်းဖြေကြားမှုကို ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းခဲ့ကာ ကချင်၊ နာဂ၊ လီဆူ၊ ရှမ်းတိုင်းရင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းစီကို ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ရှင်ဗွေယန်မြို့တွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တရုံ-ဒိုက်ဖားကျေးရွာချင်းဆက်လမ်း ၆ မိုင် ၄ ဖာလုံ မြေသား တိုးချဲ့၍ လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် လမုန်ကျေးရွာ အထက်တန်းကျောင်းဆောင် ပြင်ဆင် ဆောက်လုပ်ပေးနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်ပြန်/ဆက်