ပြည်ကြီးတံခွန် ၂၃ ဇွန်
Actionaid Myanmar မှ ဦးဆောင်ဖွင့်လှစ်သော ကျား-မ ရေးရာဆိုင်ရာနှင့် ဥပဒေအကာအကွယ်များအကြောင်း သိကောင်းစရာသင်တန်းကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းနှင့်မြဝတီမင်းကြီး လမ်းဒေါင့်ရှိ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဇွန် ၂၂ မှ ဇွန် ၂၃ ရက်ထိ ဖွင့်လှစ်သည်။
အဆိုပါ သင်တန်းကို ကျား-မရေးရာ၊ ကျား-မ အခြေပြုအကြမ်းဖက်မှုအကြောင်း၊ အမျိုးသမီးအခွင့်အရေးနှင့် ဥပဒေအကာအကွယ်များအကြောင်းကို သိရှိနားလည်သဘောပေါက်စေရန်နှင့် ရပ်ရွာအတွင်းရှိ အမျိုးသားထုများအား ပြန်လည်မျှဝေပေးသည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် လိင်နှင့် ကျား-မရေးရာ၊ လူမှုပုံစံသွင်းယူခြင်းနှင့် ခွဲခြားဆက်ဆံခြင်း၊ ကျား-မ အခြေပြု အကြမ်းဖက်မှုများအကြောင်း၊ မြန်မာနိုင်ငံ၏ ဥပဒေပြုခြင်းစနစ် စတင်ပေါ်ပေါက်လာသော သမိုင်းကြောင်း၊ ရာဇဝတ်မှုနှင့် တရားမမှုတို့၏ အဓိပ္ပာယ်အား ဆွေးနွေးခြင်း၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ ကလေးသူငယ်ဥပဒေနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေအား လေ့လာခြင်းနှင့် အစရှိသော သင်ခန်းစာများအား Actionaid Myanmar မှ သင်တန်းနည်းပြများက ဦးဆောင်၍ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း၊ Actionaid Myanmar (မန္တလေး) မှ စီမံချက်တာဝန်ခံ ဒေါ်ခင်သန်းဆွေ က ပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၂)ဦးဖြင့် ဇွန် ၂၂ ရက် မှ ၂၃ ရက်ထိ နေ့စဉ် နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီ ခွဲထိ (၂) ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)