မင်းတုန်း ၂၄ ဇွန်
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ရှိ လမ်းမကြီးများအနက် စံပြလမ်းနှင့် ရွှေဂူလမ်းအား မူလမြေနီ ကျောက်ချောလမ်းအဆင့်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်း ၉၁၀ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်အမှုဆောင်အရာရှိထံမှ သိရသည်။

လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၌ အကျယ် ၁၂ ပေ ၊ ထု ၈ လက်မ ကွန်ကရစ်လမ်းမျာကို စံပြလမ်း၌ ပေ ၁၁၂၀ ၊ ရွှေဂူလမ်း၌ ပေ ၂၀ဝ၀ အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး စံပြလမ်း၌ ပေ ၂၀ဝ အရှည် ကျောက်ရိုးစီမြေထိန်းနံရံ နှင့် ပေ ၂၀ဝ၀ အရှည် ရေမြောင်းများလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။
“ ပစ္စည်းစုတာတွေ လုပ်နေပါပြီ။ ဒီနှစ်ဘတ်ဂျက်အပြီး လုပ်ဆောင်သွားမှာပါ။ လုပ်ငန်းနဲ့ ပတ်သက်လို့ လမ်းဘေးဝဲယာ ပြည်သူများကို ဖိတ်ကြားပြီး လုပ်ငန်းဆိုင်ရာကိစ္စများကို ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းမှုတွေလည်း လုပ်ဆောင်ပြီးပါပြီ ” ဟု မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ပြောသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်ငြိမ်း ၊ ကော်မတီအဖွဲ့ဝင်ဦးတင့်ခိုင် ၊ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်အောင်တို့က လုပ်ငန်းများ အရည်အသွေးမီ ၊ အချိန်မီပြီးစီးရေး ကြပ်မတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ရေရရှိရေးနှင့် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းများကိုလည်း ဖြည့်ဆည်းလုပ်ဆောင်လျက်ရှိကြောင်း အမှုဆောင်အရာရှိ ဦးသိန်းဝင်းထံမှ သိရသည်။
ဇေယျတု(မကွေး)