မိုးကောင်း ၂၄ ဇွန်
ကချင်ပြည်နယ်၊ ဥပဒေရေးရာကုစားရေးအဖွဲ့(ကချင်) Legal Clinic Myanmar က Christian aid အဖွဲ့၏ အထောက်အပံ့ဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ တရားမျှတမှု လက်လှမ်းမှီရရှိရေး စကားဝိုင်းကို နတ်ကြီးကုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
တရားမျှတမှု၊ နစ်နာဆုံးရှုံးမှု၊ အကြမ်းဖက်မှုအမျိုးအစားများသိစေရန်၊ လူမှုရေးအသိုင်းအဝိုင်းတွင်း ရှိနေသည့် ပြဿနာများ မည်သို့ဖြေရှင်းမည်၊ တရားရုံးတွင်းမဟုတ်ဘဲ တရားရုံးပြင်ပ၌ မည်သို့ဆွေးနွေးညှိနှိုင်းရသည်ကို သိရှိစေလို၍ စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ ဒီ Legal Clinic Myanmar က အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့ ကိစ္စ၊ နစ်နာ မှုရှိတဲ့ကိစ္စ၊ ကလေးသူငယ် ဆုံးရှုံးနစ်နာမှုရှိရင်လည်း တရာမျှတမှုရရှိစေရေးကို အဓိကထား ဆောင် ရွက်ပါတယ်။ အမျိုးသမီးများနဲ့ပတ်သက်လို့ အမှုကိစ္စမှန်သမျှကို ဥပဒေအခမဲ့အကြံပေးတယ်။ အခမဲ့ အမှုလိုက်ပါဆောင်ရွက်ပေးတယ်၊ အလားတူပါပဲ ကလေးတွေအတွက်လည်း အခမဲ့ လိုက်ပါဆောင်ရွက်ပေးပါတယ် " ဟု ဥပဒေရေးရာကုစားရေးအဖွဲ့ရုံး မန်နေဂျာက ပြောသည်။
စကားဝိုင်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစည်သူ၊ ဥပဒေရေးရာကုစားရေးအဖွဲ့ မန်နေဂျာ ဦးမောင်မောင်၊ တာဝန်ခံ ဒေါ်ဘန်ထွယ်တို့က စကားဝိုင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့၊ ဥပဒေအထောက်အကူပြုအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်းထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။
သန်းလွင်ဦး (ပြန်/ဆက်)