ချောင်းဦး ၂၄ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်ဦးမြို့နယ်၊ သုံးပန်လှကျေးရွာ ဘုရားဝင်းအတွင်းရှိ စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ဆင်းတုတော်(၂၄)ဆူ ပျောက်ဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာအနီးရှိစေတီတော်တိုက်၊ သမ္ဗူလဝင်းအတွင်းရှိ အလိုတော်ပြည့်ဘုရားလိုဏ်ဂူအတွင်းမှ စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ဘုရားဆင်းတုတော်(၃)ဆူ၊ နှစ်ကျိတ်ရှစ်ဆူဘုရားလိုဏ်ဂူတော်အတွင်းမှ စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ဘုရားဆင်းတုတော်(၂၁)ဆူ၊ စုစုပေါင်း စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဘုရားဆင်းတုတော် (၂၄)ဆူ၊ တန်ဖိုး(၂၂)သိန်းကျော် ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သုံးပန်လှကျေးရွာ၊ ဂေါပက ဦးကျော်ခိုင်က ချောင်ဦးမြို့နယ်၊ အမြင့်နယ်မြေရဲကင်းစခန်းသို့ တိုင်ကြားထားခြင်း ဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အမြင့်နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူအောင်(ကသာ)