တာချီလိတ် ၂၄ ဇွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၂၅၊ ၂၆ ရက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီနှင့် ဒေသခံပြည်သူတို့ ပူးပေါင်းစီစဉ်ကျင်းပမည့် ကလေးစာပေပွဲတော်(တာချီလိတ်)၌ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ဘာသာစကားဖြင့် တိုင်းရင်းသားရိုးရာ ပုံပြင်ပြောနှင့် ကဗျာရွတ်ခြင်းအစီအစဉ် ထည့်သွင်းစီစဉ်ထားကြောင်း သိရသည်။

 

mdn

 

အဆိုပါ တိုင်းရင်းသားပုံပြင်ပြောခြင်း အစီအစဉ်တွင် တာချီလိတ်ခရိုင်အတွင်းရှိ တိုင်းရင်းသားများ ဖြစ်ကြသည့် ရှမ်း၊ အာခါ၊ လားဟူ စသည့် တိုင်းရင်းသားများ၏ ရိုးရာပုံပြင်များကို ကိုယ်ပိုင်ဘာသာစကား အသီးသီးဖြင့် ပုံပြင်ပြောကြမည်ဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေဖြင့် ရေးဖွဲ့ထားသည့် ကဗျာများ၊ ပုံပြင်များကို အခြားတိုင်းရင်းသားများသိရှိပြီး ဂုဏ်ယူမြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ကလေးစာပေပွဲတော်များတွင် တိုင်းရင်းသားဘာသာစကားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲများကို ထည့်သွင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

mdn

 

ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်နိုင်ငံတော်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ကလေးစာပေပွဲတော်များကို ကျင်းပလျက်ရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

MDN