တာချီလိတ် ၂၄ ဇွန်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မကာဟိုခမ်းရပ်ကွက်၊ အထက တာချီလိတ်၌ ဇွန် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပသွားမည့် ကလေးစာပေပွဲတော် (တာချီလိတ်) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယနေ့ညနေပိုင်းတွင် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းရုံးရှိ နေ့သစ်ရည်ညွှန်းစာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်အတွင်း ကြည့်ရှုလေ့လာကာ စာရေးဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြတိုက်ငယ် ခင်းကျင်းပြသထားရှိမှုနှင့် နံရံကပ်စာစောင် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကလေးစာဖတ်ခန်းတွင် စာပေလေ့လာဖတ်ရှုနေကြသော ကျောင်းသား ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး စာကြည့်တိုက် လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးမှ တာဝန်ရှိသူထံ အလှူငွေကျပ် ၅ သိန်း ပေးအပ်လှူဒါန်းခဲ့သည်။
(အောင်မင်းဟန်)


