နေပြည်တော်  ၂၄  ဇွန် 

ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆိုင်ရာလုပ်ငန်းအဖွဲ့၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးနှင့် အလုပ် အကိုင်ရှာဖွေပေးရေး တို့နှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများကို လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန် တာဝန်ရှိပါကြောင်း၊ ယခုအစည်းအဝေးတွင် ရှေ့ဆက်မည်သို့ ဆက်လက်ဆောင်ရွက်ကြရမည်ကို ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း အစိုးရ၏ကြိုးပမ်းချက်များ အောင်မြင်ရန်အတွက် ကျယ်ပြန့်စွာ ပညာပေးရန်နှင့်လုပ်ငန်းအဖွဲ့ခွဲများအကြား၊ သက်ဆိုင်ရာ အစိုးရဌာန များအကြား၊ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊  ဒေသခံများ၏ ဝိုင်းဝန်းအားပေးကူညီမှုသည်လည်း အရေးကြီးပါကြောင်း။

ဖားကန့်ဒေသတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ မူးယစ်ဆေး တိုက်ဖျက်ရာတွင် ဒေသခံအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အထူးစစ်ဆင်ရေးတစ်ရပ် အဖြစ် ဆောင်ရွက်နိုင်ရေး၊ ယမ်းအမြောက်များသုံစွဲသည့် ကုမ္ပဏီများ စည်းကမ်းလိုက်နာရေး၊  ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနေရာချထားမှုကို စီမံချက်ရေးဆွဲနိ်ုင်ရေး၊ သက်တမ်းကုန်လုပ်ကွက်များတွင် အပင်ပြန်လည် ပြုစုပျိုးထောင်ခြင်း မဖြစ်မနေ ဆောင်ရွက်ရန် ကြိုးပမ်းရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် ဥရုချောင်းရေစီးရေလာ ကောင်းမွန်စေရေးအတွက် လုပ်ငန်းရှင်များ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကျောက်အချောထည်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးတို့ကို ပူးပေါင်းဆောင် ရွက်ပေးစေလိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များကိုလည်း ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ဖားကန့်ဒေသရှိ အလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများသည် မိမိတို့ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ဖားကန့်ဒေသရှိ အလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပဉ္စမကြိမ်မြောက် အစည်းအဝေးအား ဇူလိုင်လအတွင်း ပြုလုပ်သွားရေး၊ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။    

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ဖားကန့်ဒေသရှိ အလုပ်သမားများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများ ဖြစ်ကြသော- ဖားကန့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ၊ မြေယာ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ခွဲ၊ အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးနှင့် အလုပ်အကိုင်  ရှာဖွေ ပေးရေးလုပ်ငန်းအဖွဲ့ခွဲ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ခွဲနှင့် ဘဏ္ဍာရေးလုပ်ငန်း အဖွဲ့ခွဲတို့၏ ဖွဲ့စည်းပုံများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ရေး လုပ်ငန်း အဖွဲ့ခွဲအလိုက် အစည်းအဝေးများ အမြန်ဆုံး ခေါ်ယူအတည်ပြုချက် ရယူရေး၊ ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်းနှင်းရေး၊ မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်ရေး၊ ဖားကန့်ဒေသရှိ အလုပ်သမားများအား စစ်တမ်းကောက်ယူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာ စီမံခန့်ခွဲရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းပေးရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး၊ ကျောက် အချောထည် လုပ်ငန်းကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရေးစသည့် စီမံချက်များအား သက်ဆိုင်ရာ လုပ်ငန်း အဖွဲ့ခွဲများမှ ရေးဆွဲရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးများနှင့် ဝန်ကြီးချုပ်တို့က လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။

(သတင်းစဉ်)