နေပြည်တော် ၂၄ ဇွန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် စင်ကာပူနိုင်ငံတွင် ဇွန် (၂၅) ရက်မှ (၂၆) ရက်အထိ ကျင်းပမည့် အာရှပစိဖိတ်ဒေသ ဆက်သွယ်ရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန်အတွက် ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသည်။
အာရှပစိဖိတ်ဒေသ ဆက်သွယ်ရေးဝန်ကြီးများ အစည်းအဝေးကို အာရှပစိဖိတ်ဒေသ ဆက်သွယ်ရေးအသိုက်အဝန်းက ကြီးမှူး၍ (၅)နှစ် တစ်ကြိမ်ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်းမှ ဆက်သွယ်ရေးဝန်ကြီးများ တက်ရောက်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးကြမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူနိုင်ငံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဌာန၊ ဝန်ကြီး၏ဖိတ်ကြားချက်အရ အာရှနှင့်ပစိဖိတ်ဒေသ ဆက်သွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီး ဇွန် (၂၇)ရက်မှ (၂၈)ရက်အထိ ကျင်းပမည့် Straits Digital Exchange (SDE) တံခါးပိတ် ဆွေးနွေးပွဲသို့ ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


