ဆင်ပေါင်ဝဲ ၂၅ ဇွန်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့ ပေါ်ရှိပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူဖြစ်စေရေးအတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇွန်သရဖူမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းတွင်ပို့ချသည့် ဘာသာရပ်များကို သင်တန်းသူများ စိတ်ပါဝင်စားစွာ သင်ယူကြစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် မိသားစုဝင်ငွေတိုးပွားစေရန် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်၍ ပြည်သူလူထုအတွင်း နည်းပညာများပျံနှံ့စေပြီး သွင်းကုန်အစားထိုး လုပ်ငန်းများစီးပွားဖြစ် ထုတ်လုပ်နိုင်ရေးကို ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ(၂၅)ဦး တက်ရောက်ပြီး မေအားမာန် မြို့နယ်အဆင့်ဦးဆောင်အဖွဲ့က သင်ကြားပို့ချပေးကြောင်း သိရသည်။
နေခြည်(ဆင်ပေါင်ဝဲ)


