မန္တလေး ၂၅ ဇွန်
မန္တလေးတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ်ဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာ သီတာဝင်းက ပြောသည်။
မန္တလေး တက္ကသိုလ်သည် ပြည်ပနိုင်ငံများမှ နိုင်ငံခြားသားများနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အများဆုံး ပူးပေါင်းဆောင်ရွက်နေသောကြောင့် တက္ကသိုလ်ဝင်းအတွင်း၌ ဆေးလိပ်ငွေ့ကင်းစင်မှသာ တက္ကသိုလ်၏ ဂုဏ်ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
"ခုကတော့ ပညာပေးကာလ အနေနဲ့ လုပ်ဆောင်နေပါတယ်။ ပညာပေးကာလပြီးသွားရင်တော့ အရေးယူသွားမယ် ။ တက္ကသိုလ်ထဲမှာရှိတဲ့ ဈေးဆိုင်တွေ၊ လက်ဖက်ရည်ဆိုင် တွေမှာလည်း ဆေးလိပ်မရောင်းဖို့ ပြောထားတယ်။" ၎င်းက ပြောသည်။
မန္တလေးတက္ကသိုလ် ပရိဝုဏ် အတွင်းတွင် ဆေးလိပ်သောက်ရန်နေရာ ၃ နေရာ သတ်မှတ်ပေးထားပြီး ယင်းနေရာများတွင်သာ ဆေးလိပ်သောက်သုံးခွင့်ရမည်ဖြစ်ကြောင်း သိရသည် ။
မန္တလေးတက္ကသိုလ်၌ ဘာသာရပ်ပေါင်း ၂၅ ခု၊ ဘွဲ့ကြိုသင်တန်းမှ ပါရဂူအထိ သင်တန်း အမျိုး အစား၂၀၆ ခု၊ ဒီပလိုမာ သင်တန်းပေါင်း ၁၂ ခုနှင့် ဘာသာရပ်အမျိုးမျိုးမှာ သုတေသန လုပ်ဆောင်နေသော တက္ကသိုလ်တစ်ခုဖြစ်သည် ။
တက္ကသိုလ်ထဲရှိ ဝန်ထမ်းအိမ်ရာများတွင် ဆရာ၊ ဆရာမများ ၁၀ဝ၀ ကျော်နှင့် ကျောင်းသူကျောင်းသား ၄၀ဝ၀ ကျော်ရှိကြောင်း သိရသည်။
သူရိန်လင်း


