မန္တလေး ၂၅ ဇွန်
H1N1 ရာသီတုပ်ကွေး ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲဝင်းအတွင်းရှိ မဟာဇိနရံသီဓမ္မာရုံ တွင် ယနေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တိုးချဲ့ကာကွယ်ဆေး/ကူးစက်ရောဂါ နှိမ်နင်းရေးဌာန)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနွယ်နီအေး က H1N1 ရာသီတုပ်ကွေး ရောဂါအကြောင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန (တိုးချဲ့ကာကွယ်ဆေးဌာန) အဖွဲ့ခေါင်းဆောင် ဒေါက်တာ ချိုနွယ်အောင် က H1N1 လက္ခဏာ၊ ကူးစက်နည်းများအကြောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကူးစက်ရောဂါနှိမ်နင်းရေးဌာန) အဖွဲ့ခေါင်းဆောင် ဒေါက်တာ ငြိမ်းငြိမ်းချစ် က H1N1 ကာကွယ်ရန် နည်းလမ်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောသည်။ ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော ရာသီတုပ်ကွေးရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိသူများ၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ ရဲမှူးဝင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


