ဂန့်ဂေါ  ၂၅   ဇွန် 


၂၀၁၉ ခုနှစ်တွင် ဂန့်ဂေါခရိုင်အတွင်း ဝါမျိုးကောင်းမျိုးသန့် စံပြကွက်များကို ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် စိုက်ပျိုးပြသသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 


ထိုသို့ စိုက်ပျိုးရာတွင် ဂန့်ဂေါမြို့နယ်၌ ၅ ဧက၊ ထီးလင်းမြို့နယ်၌ ၃ ဧက၊ ဆောမြို့နယ်၌ ၂၃ ဧက၊ ကျောက်ထုမြို့ဒေသတွင် ၅ ဧကတို့ဖြင့် စုစုပေါင်း ၃၆ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။ 


"အခု စံပြကွက်အဖြစ် စိုက်ပျိုးပြသမယ့် မျိုးတွေက ရွှေတောင် (၈) နဲ့ ငွေချည် (၉) ဝါမျိုးတွေဖြစ်ပြီး၊ တစ်ဧကကို ဝါပိဿာ ၁၀ဝ၀ နဲ့အထက်ထွက်နိုင်တဲ့ သက်လျင်အထွက်ကောင်း မျိုးတွေဖြစ်ပါတယ်။ ဝါဂွမ်းအထွက်နဲ့ ဝါဂွမ်းအရည်အသွေးကောင်းပြီး သီးလုံးဖောက်ပိုးနဲ့ စုပ်စားပိုးဒဏ် ခံနိုင်ရည်ရှိတဲ့ မျိုးတွေဖြစ်တဲ့ အတွက် စမ်းသပ်စံပြကွက်များအဖြစ် စိုက်ပျိုးပြသရခြင်း ဖြစ်ပါတယ်" ဟု ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာဖြိုးက ပြောပြသည်။


ဝါတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်မှ ၁၅၀ဝ ကျပ်ထိ ရောင်းဝယ်ဈေးရှိရာ ဝါတစ်ဧကမှ ဝင်ငွေ ကျပ် ၁၀ သိန်းနှင့်အထက် ရရှိနိုင်ကြောင်း၊ ယခုအခါ ဝါမျိုးစေ့များကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများသို့ ဖြန့်ဖြူးထားပြီးဖြစ်ကြောင်း သိရသည်။


တောင်သားမောင်သန်း