ဝိုင်းမော် ၂၅ ဇွန်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါကြိုးဝိုင်းဧရိယာအတွင်း ကျူးကျော်ဝင်ရောက်စိုက်ပျိုးထားသည့် တစ်သျှူးငှက်ပျောစိုက်ခင်းများကို သစ်တောဦးစီးဌာနမှ ဇွန် ၂၄ ရက်မှစတင်ကာ ဖျက်ဆီးရှင်းလင်းလျက်ရှိကြောင်း သိရသည်။
" ဝိုင်းမော်မြို့နယ်အတွင်း ကုမ္ပဏီ(၄၀)ခန့်က တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်းကို ဧက(၁)သိန်းဝန်းကျင် စိုက်ပျိုးလျက်ရှိပြီး သစ်တောနယ်မြေအတွင်း တရားမဝင်ကျူးကျော်စိုက်ပျိုးမှုတွေကတော့ ခန့်ဖူးကြိုးပြင်ကာကွယ်တော၊ ဝါရှောင်ကြိုးပြင်ကာကွယ်တော၊ နန့်ဝါကြိုးဝိုင်းတွေမှာ ကုမ္ပဏီ(၅)ခုက စိုက်ဧက(၅၆၅၆)ဧက ကျူးကျော်စိုက်ပျိုးမှုတွေကို စစ်ဆေးတွေ့ရှိတာကြောင့် အမှုဖွင့်အရေးယူမှု(၇)မှုရှိထားပါတယ်၊ စိုက်ခင်းတွေကို စက်ယန္တရားနဲ့ စတင်ရှင်းလင်းတာကတော့ ဇွန် ၂၄ ရက်ကစပြီး ဆောင်ရွက်နေတာပါ ”ဟု မြို့နယ်ဦးစီးမှူး ဦးဆွတ်ရိန်ဆိုင်းလာက ပြောသည်။
အဆိုပါ တရားမဝင်ကျူးကျော်ဝင်ရောက်နေသည့် တစ်သျှူးငှက်ပျောစိုက်ခင်းများအား အမှုဖွင့်အရေးယူမှုလုပ်ငန်းများ ဆောင်ရွက်ပြီး၍ ကုမ္ပဏီများမှ သစ်တောဦးစီးဌာနသို့ လက်ရောက်အပ်နှံခြင်းများ ဆောင်ရွက်ပြီးမှသာ သစ်တောဦးစီးဌာနမှ သတ်မှတ်မြေနေရာများတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများနှင့် ပုဂ္ဂလိကစိုက်ခင်းများ လျှောက်ထားလာပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဆွတ်ရိန်ဆိုင်းလာထံမှ သိရသည်။
ဝင်းနိုင်(ကချင်မြေ)


