နေပြည်တော် ၂၅ ဇွန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ ကချင်ပြည်နယ် တာဝန်ခံ ဦးညွန့်စိန်၊ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ခေတ္တဥက္ကဋ္ဌ ဦးမလန်ကမ်ဖန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲအရာရှိများ၊ ပါတီရုံးဖွင့်လှစ်ထားရှိသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြသော အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးညွန့်စိန်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန်တိကျသော မဲဆန္ဒရှင်စာရင်းများ ရရှိစေရေး အထူးအလေးထား ဆောင်ရွက်နေပါကြောင်း၊ အမျိုးသမီးများ၊ မသန်စွမ်းများ၊ အသက် (၁၈)နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးမည့်လူငယ်များ၊ ရွှေ့ပြောင်းလုပ်သားများနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုချိန်ကတည်းကပင် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဲဆန္ဒရှင်စာရင်းကောက်ယူသည့် အဖွဲ့များလာရောက်ချိန်တွင် အချက်အလက်များ မှန်ကန်စေရန် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အနေဖြင့် မဲဆန္ဒရှင်ပြည်သူလူထုသို့ မဲဆန္ဒရှင်အသိပညာပေးခြင်းကို ကူညီဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း ၂၀၁၉-၂၀၂၂ နှင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြသည်။
အခမ်းအနားတွင် တက်ရောက်လာသော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အကြံပြု ဆွေးနွေးချက်များနှင့် သိရှိလိုသည်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးညွန့်စိန်က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


