နေပြည်တော် ၂၅ ဇွန်


    
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဒေါက်တာဝင်းမြတ်အေးတို့သည့် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ရေမဆေးကျောက် ရှာဖွေသူများနှင့် ယမန်နေ့နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။


    
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လုပ်ငန်းကော်မတီများ အသီးသီးဖွဲ့စည်းထားပြီး အစီအမံများရေးဆွဲကာ ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးကာ မူးယစ်သံသရာမှ လွတ်မြောက်ရေး ကြိုးပမ်းပေးရန်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေချိန်တွင် လောဘကြောင့် အသက်အန္တရာယ်ဖြစ်စေမည့် လုပ်ငန်းမျိုးကို ရွေးချယ်ခြင်းမပြုဘဲ ရှောင်ရှားသင့်ပါကြောင်း၊ သစ်တောကြိုးဝိုင်းမြေနှင့် ရတနာမြေဆိုသည်မှာ ဥပဒေအရ အမြဲတမ်းအခြေချ နေထိုင်ခွင့်မရှိပါကြောင်းနှင့် နိုင်ငံတော်က ဥပဒေနှင့်အညီ ဘေးကင်းလုံခြုံသည့် လုပ်ငန်းခွင်ဖြစ်အောင် ဖော်ဆောင်ပေးရန် ကြိုးပမ်းနေပါကြောင်း၊ အလုပ်သမားများ၊ ဒေသခံများ၊ လုပ်ငန်းရှင်များအားလုံးက ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင် အတူတကွ ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။


    
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖားကန့်ဒေသထွက် ကျောက်စိမ်းကို ကမ္ဘာပေါ်တွင် လူသိများပါကြောင်း၊ ရတနာဆိုသည်မှာ ဖြစ်ထွန်းတည်ရှိရန် သက်တမ်းကြာရှည်ပါကြောင်း၊ နိုင်ငံ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် ကျောက်မျက်မှရရှိသည့် အခွန်ငွေများသည်များစွာ အကျိုးပြုလျက်ရှိပါကြောင်း၊ ဖားကန့်ဒေသသည် နှစ်စဉ်မိုးရေချိန် လက်မ ၆၀ အထက် ရွာသွန်းလေ့ရှိပြီး သစ်တောများပြုန်းတီးမှုကြောင့် အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်လာသဖြင့် သစ်ပင်စိုက်ပျိုးခြင်းကို ဆောင်ရွက်ကြရန်၊ လက်လုပ်လက်စားများအတွက် လုပ်ကွက်များ ခွင့်ပြုပေးမည်ဖြစ်သဖြင့် စနစ်တကျတူးဖော်လုပ်ကိုင် ဆောင်ရွက်ကြရန်နှင့် စိတ်စေတနာကောင်းနှင့် ဆောင်ရွက်ပါက အကျိုးပေးလည်း ကောင်းမည်ဖြစ်သဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။


    
ဆက်လက်၍ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဖားကန့်ဒေသရှိ လက်ရှိအခြေအနေ၊ တွေ့ကြုံနေရသော အခက်အခဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ တက်ရောက်လာကြသောသူများက ရတနာမြေကို မိုးတွင်းကာလ (၃)လတာရပ်နားထားမည့် အခြေအနေ၊ ဥရုချောင်းမြေထိန်းနံရံနှင့် နုန်းတားတာများ ဆောင်ရွက်နိုင်မည့် အခြေအနေ၊ မိုးကောင်း-ဖားကန့်ကားလမ်း ပြင်ဆင်ပေးနိုင်မည့် အခြေအနေနှင့် ပြန်လည်နေရာချထားပေးမည့် အစီအမံများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ပြန်လည်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။


    
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝေအောင်ကမ္ဘာကျောက်မျက်ကုမ္ပဏီ၊ ရတနာရွှေအိတ်၊ တောက်ပသောကြယ်အလင်း၊ မြန်မာပထမကျောက်မျက်ကုမ္ပဏီတို့က စိုက်ပျိုးထားသော အကေးရှား(မန်ဂျန်ရှား)ပင်များ ဆန်ခါနွံကန်မပြိုစေရန် ဆောင်ရွက်နေသော လုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ 

 


သတင်းစဉ်