စစ်တွေ ၂၅ ဇွန်
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် မြောက်ဦးယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြောက်ဦးယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် တင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အဓိကဦးဆောင်ပြီး နိုင်ငံတကာမှ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပြင်တွင်းမှ ပညာရှင်များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် အဆိုပြုစာတွဲမူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် တင်ပြရမည်ဖြစ်ပြီး အဆိုပြုစာတွဲမူကြမ်းအတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုသည် ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့်လည်း မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်နေဆဲနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဌာနဆိုင်ရာများအနေဖြင့် ယနေ့ ညှိနှိုင်းအစည်းအဝေးတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြောက်ဦးယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းက မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ လိုအပ်ချက်များအား အကြံပြုဆွေးနွေးပြောကြားသည်။ ယင်းနောက် မြောက်ဦးယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့ အတွင်းရေးမှူး၊ မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူးက မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် မြောက်ဦးယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့ တွဲဖက်တွင်းရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အတည်ပြုသတ်မှတ်ထားသော ဇုန်နယ်နိမိတ်၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အနုမ ရေကန် အဆင့်မြှင့်တင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းနှင့်ဓာတ်ပုံ- ဟန်မင်း


