နေပြည်တော် ၂၅ ဇွန် 


“ဗဟာဗျူဟာမြောက် ကျန်းမာရေး ဆက်သွယ်မှုလုပ်ငန်းပညာရပ်ဖြင့် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းထိန်းချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အောင်မြင်မှုရရှိစေရေးအတွက် ကျန်းမာရေးအသိပညာ ဗဟုသုတများနှင့် သတင်းစကားများအား ပြည်သူများထံသို့ ရောက်ရှိစေရေးအတွက် ဆက်သွယ်ဖြန့်ဝေခြင်း လုပ်ငန်းများသည် အရေးကြီးသဖြင့် ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် မဟာဗျူဟာမြောက် ကျန်းမာရေးဆက်သွယ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုမည့် အချက်များမှာ လွန်စွာအရေးကြီးပါကြောင်း။ 


ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုဆိုင်ရာ အသိအမြင်များရရှိကာ ခံယူချက်ကောင်းများဖြင့် အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးနိုင်ရေးအတွက် သိပ္ပံနည်းကျ ဆက်သွယ်ခြင်း၊ အသိပေးခြင်း၊ စည်းရုံးခြင်းနှင့် လှုံ့ဆော်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအားလုံး သိရှိနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။


ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် အဆုတ်ရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများ အပါအဝင် ရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်ပြီး ဘဝနေထိုင်မှု အရည်အသွေး ကျဆင်းခြင်း၊ အချိန်မတိုင်ခင် စောစီးစွာသေဆုံးခြင်း၊ ရောဂါဖြစ်ပွားသူ၏ မိသားစုတွင်လည်း စိတ်ပူပင်သောကဖြစ်ခြင်း၊ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးခြင်းတို့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကြီးမားစွာသော အဟန့်အတားဖြစ်စေပါကြောင်း။


ပြည်သူများအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးအန္တရာယ် အလွန်များပြားသော ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှုများ လျော့နည်းပပျောက်စေရန်အတွက် နှီးနွှယ်ဝန်ကြီးဌာန၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ အားလုံးဝိုင်းဝန်း ပါဝင်၍ ဥပဒေများ၊ မူဝါဒများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များချမှတ်ကာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပညာရှင်များ ပါဝင်တက်ရောက်သည်ဖြစ်သဖြင့် နိုင်ငံတကာတွင် ဆောင်ရွက်ခဲ့သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆက်သွယ်ရေး လုပ်ငန်းအတွေ့အကြုံများကို ဝေမျှနိုင်မည်ဖြစ်ပါကြောင်း။


ပြည်သူများအားလုံး ကျန်းမာပြီးနိုင်ငံတော် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများကို ရှုထောင့်စုံ၊ ပညာရပ်ကဏ္ဍစုံ၊ ဌာနစုံဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ဆက်လက်၍ Vital Strategies အဖွဲ့မှ Senior Advisor Dr. Tom Carroll နှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်တို့က အမှာစကားပြောကြားသည်။  

 
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးဌာန၊ Vital Strategies အဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့မှ ပညာရှင်များ၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ဟော်လန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ပညာရှင်များ ပါဝင်တက်ရောက်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းထိန်းချုပ်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ဆက်သွယ်ရေးလုပ်ငန်း အတွေ့အကြုံများကို ဟောပြောဆွေးနွေးခြင်း၊ ဝိုင်းဖွဲ့အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်သည်။


 

rge


ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ(ICT)ကို အရှိန်အဟုန်မြှင့် အသုံးချဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်က ဝန်ကြီးဌာနရှိ ခေတ်မီသတင်းနှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ သေးစိတ်တင်ပြဆွေးနွေးသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝန်ကြီးဌာန၏ လုပ်ငန်းများကို ခေတ်မီသတင်းနှင့် ဆက်သွယ်ရေးနည်းပညာအား အကျိုးရှိထိရောက်စွာ အသုံးချ၍ ပိုမိုလျင်မြန် ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်