နေပြည်တော် ၂၅ ဇွန်
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းသည်။
အခမ်းအနားသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက UEHRD ကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခကင်းဝေးရေးအတွက် ဆောင်ရွက်ရေးစသည့် အချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ UEHRD ကော်မတီ၏ Task Forces (၁၀)ဖွဲ့နှင့်လည်း လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖေါ်ရေးကော်မတီ၏ လုပ်ငန်းကော်မတီ(၄)ရပ်ဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးကိစ္စများနှင့် ပတ်သက်၍ ASEAN-EARTနှင့် AHA Centre အဖွဲ့မှ တာဝန်ရှိသူများ လာရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပြန်လည်လက်ခံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ကနဦးလေ့လာဆန်းစစ်ချက်ကို ဆောင်ရွက်ခဲ့ပါကြောင်း။
လက်ခံရေးစခန်းများနှင့် ကြားစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသူများအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်းများပေးရေး၊ နည်းပညာအကူအညီများ ပံ့ပိုးရေး၊ သတင်းဖြန့်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ရရှိရေးစသည့် ကဏ္ဍများတွင် အာဆီယံ နိုင်ငံများက ပူးပေါင်းကူညီ ဆောင်ရွက်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် သတ်မှတ် အကောင်အထည်ဖော်ကြမည်ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရေးကိစ္စတွင် လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် တိုင်းရင်းသားများအတွက်လည်း မိုးရာသီအမီ တိုက်ပွဲရှောင်စခန်းများအား ပြည်နယ်အစိုးရန်ပုံငွေနှင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ပေးနေကြောင်း၊ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ IDP စခန်းများ ပိတ်သိမ်းရေး၊ အမျိုးသားအဆင့်မဟာဗျူဟာ ရေးဆွဲပြီးဖြစ်၍ အကောင်အထည်ဖေါ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို စနစ်တကျရေးဆွဲရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများ ပြန်လည်ဆန်းစစ်ရန်နှင့် ယနေ့အစည်းအဝေးက ဆွေးနွေးဆုံးဖြတ်ချက်များကို တာဝန်ယူ၍ ဆက်လက်ဆောင်ရွက်ကြပါရန် ပြောကြားသည်။
ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဌများ၊ ပူးတွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက မောင်တောခရိုင်အတွင်း ပြန်လည်နေရာချထားပေးမည့် အစီအစဉ်များ၊ ဆောက်လုပ်ထားသောပြန်လည်လက်ခံရေး စခန်းများကို ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း စိစစ်၍ ပြန်လည်လက်ခံဆောင်ရွက်မည့် အခြေအနေများ၊ IDP စခန်းများ ပိတ်သိမ်းဆောင်ရွက်မည့် အခြေအနေများ၊ လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲရှောင် ပြည်သူများအတွက် ပြန်လည်နေရာချ ထားပေးရမည့်ကိစ္စရပ်များ၊ ASEAN-EART Teamနှင့် AHA Center တို့နှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေတို့ကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


