ထားဝယ် ၂၅ ဇွန်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကားပြောကြားရာ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစွာဖြင့် လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်သွားနိုင်စေရေးနှင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ အခက်အခဲရှိပါက တင်ပြနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးများနှင့် ကိုက်ညီမှုရှိစေရန်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များပေးအပ်ကာ ကော်မတီအဆင့်ဆင့် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးနှင့် ဆောင်ရွက်ရမည့် ဘဏ္ဍာနှစ်ကာလအတွင်း အချိန်မီပြီးစီးရေး ကုမ္ပဏီများအနေဖြင့် အလေးထား ဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့မှလည်း စနစ်တကျ တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက တင်ဒါအောင်မြင်ပြီး ဆောင်ရွက်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်းက တည်ဆောက်ရေးလုပ်ငန်းအကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အခက်အခဲများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေနွေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


