အောင်လံ ၂၅ ဇွန်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ခြင်းနှင့် မြို့နယ်အဆင့်လူငယ်ရေးရာ ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များနှင့် မြို့နယ်လူငယ်ရေးရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက လူငယ်ရေးရာမူဝါဒ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် ဖွဲ့စည်းပုံအဆင့်ဆင့်တို့ကို လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက လူငယ်များနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဝင် ဦးစိုးသူရက လူငယ်ရေးရာမူဝါဒအကြောင်းနှင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အကြောင်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကြီးကြပ်ရေးကော်မတီဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက မြို့နယ်လူငယ်ရေးရာ ကော်မတီဝင်များနှင့် အတွင်းရေးမှူးတို့တွင် ရှိရမည့် အရည်အချင်းများကို ရှင်းလင်းပြီး ကြီးကြပ်ရေးကော်မတီနှင့် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ မြို့နယ်လူငယ်ရေးရာကော်မတီဝင် ၂၁ ဦးတို့အား ရွေးချယ်ခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)


