ရှင်မင်း

မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သည့် မြေဧရိယာ ဟက်တာ ၁၂ ဒသမ ၂၅ သန်းတည်ရှိပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု(GDP) ၏ ၂၄ ရာခိုင်နှုန်းနှင့် ပြည်ပပို့ကုန်၏ ၃၈ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခုအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူများဘဝ တိုးတက်စေရန် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီပေးလျက်ရှိနေသော်လည်း တောင်သူများအတွက် အဓိကကျသည့် သီးနှံဈေးနှုန်းမှာ တည်ငြိမ်မှု မရှိသေးပေ။

“တောင်သူတွေအတွက် အစိုးရက စိုက်ပျိုးစရိတ်တွေ တိုးပေးတယ်။ စိုက်ပျိုးရေး နည်းပညာအသစ်တွေလည်း မိတ်ဆက်ပေးတယ်။ တောင်သူတွေကလည်း ကြိုးစားပြီး စိုက်ကြတာပဲ။ စိုက်ပြီးတော့ Export မရှိတော့ ဘူးဆိုရင် ခက်ပြန်ပါတယ်။ ပြီးတော့ တောင်သူလက်ထဲမှာ သီးနှံရှိရင် ဈေးနှုန်းကျတယ်။ တောင်သူလက်ထဲ မရှိတော့ရင် ဈေးကတက်သွားတယ်။ ဒါကြောင့် ထွက်ကုန်သီးနှံတွေအတွက် ဈေးကွက် ခိုင်မာစေချင်တယ်” ဟု မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မှ တောင်သူ ဦးဝင်းဘိုက ပြောသည်။ ထိုသို့သော တောင်သူများ၏ လိုအပ်ချက်များသည် ပြည်သူ့အသံအဖြစ် လွှတ်တော်သို့ ရောက်ရှိခဲ့သည်။ “စိုက်ပျိုးရေးထွက်ကုန် သီးနှံများ သင့်တင့်မျှတသော ဈေးနှုန်းရရှိရေး ပြည်တွင်းပြည်ပ ဈေးကွက်များ ရှာဖွေပေးပြီး ဈေးကွက်ခိုင်မာမှုရှိသော သီးနှံများစာရင်းကို ပြည်သူများ သိရှိနိုင်ရန် ရာသီအလိုက်ဖြစ်စေ၊ နှစ်အလိုက်ဖြစ်စေ ပွင့်လင်းစွာ ချပြအသိပေးပါရန်နှင့် အရည်အသွေးပြည့်ဝသော ဈေးကွက်ဝင် စိုက်ပျိုးရေး ထွက်ကုန်သီးနှံများ ထုတ်လုပ်နိုင်ရေး အစိုးရနှင့်ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ရေးဆွဲချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။

တောင်သူတွေရဲ့ အကျိုးစီးပွား

“ကျွန်တော့်အဆိုရဲ့ ဆိုလိုရင်းက စိုက်ပျိုးထားတဲ့ သီးနှံအားလုံးကို ဈေးကောင်းအောင် လုပ်ပေးဖို့ ပြောတာမဟုတ်ပါဘူး။ ပြည်တွင်း ပြည်ပ ဈေးကွက်တွေ ရှာဖွေပြီးတော့ ဈေးကွက်ခိုင်မာမှုရှိတဲ့ သီးနှံတွေရဲ့စာရင်းကို ရာသီအလိုက်ပဲဖြစ်ဖြစ်၊ နှစ်အလိုက်ပဲဖြစ်ဖြစ် စိုက်ပျိုးရေးလုပ်ကိုင်တဲ့ တောင်သူလယ်သမားတွေကို သိပေးဖို့အတွက် ဆိုလိုတာဖြစ်ပါတယ်။ တောင်သူတွေရဲ့ အကျိုးစီးပွားအတွက် သီးနှံဈေးနှုန်းကို တည်ငြိမ်စေချင်တယ်”ဟု အဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းက ပြောသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်သို့ တင်သွင်းခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၏ အဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး ထောက်ခံဆန္ဒမဲများဖြင့် လွှတ်တော်မှ အတည်ပြုခဲ့သည်။

 

mdn

 

ဈေးကွက်ခိုင်မာမှုရရှိနိုင်အောင်

“နိုင်ငံတော်အစိုးရအနေနဲ့ နှစ်အလိုက်၊ ရာသီအလိုက် တောင်သူတွေရဲ့ ကောက်ပဲသီးနှံတွေကို ပြည်တွင်းပြည်ပဈေးကွက်တွေ ရှာဖွေပေးပြီး ဈေးကွက်ခိုင်မာမှု ရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ တောင်သူတွေကိုယ်စား တောင်းဆိုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံ ဖြစ်ပါတယ်။ ပြီးတော့ ရေခံမြေခံလည်းကောင်းတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘာပဲစိုက်ပျိုးစိုက်ပျိုး ကောက်ပဲသီးနှံ အထွက်ကောင်းပါတယ်။ သီးနှံဘယ်လောက် အထွက်ကောင်းကောင်း သီးနှံဈေးက မငြိမ်သက်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ တချို့သီးနှံတွေဆိုရင် ဝယ်မပေးနိုင်တဲ့ အခြေအနေကို ဆိုက်ရောက်လာပါတယ်” ဟု အဆိုနှင့်ပတ်သက်၍ မယ်စဲ့မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်းက ပါဝင်ဆွေးနွေးသည်။

လုပ်အားခဆုံးရှုံးမှုနဲ့ ကြုံတွေ့

မယ်စဲ့မဲဆန္ဒနယ်တွင် တောင်သူများ တွေ့ကြုံခဲ့ရသည့် အခြေအနေကို လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်းက “မယ်စဲ့က တောင်သူတွေအတွက် အဓိကကတော့ ကြက်သွန်ဖြူဈေးကွက်ပါပဲ။ ကျွန်တော်တို့ မယ်စဲ့မြို့နယ်က တောင်သူတွေဟာ စပါးရိတ်ပြီးတာနဲ့ ကြက်သွန်ဖြူကို အဓိက စိုက်ပျိုးတာပါ။ ၂၀၁၄ ခုနှစ်မတိုင်မီ ကြက်သွန်ဖြူကို တစ်ဖက်ထိုင်းနိုင်ငံက အမြဲတမ်း လာရောက် ဝယ်ယူကြပါတယ်။ အဲဒီအချိန်တုန်းက တောင်သူတွေအတွက် အဆင်ပြေပြေနဲ့ ကြက်သွန်ဖြူ ရောင်းဝယ်မှုကောင်းကြပါတယ်။ ၂၀၁၅ ခုနှစ် ကနေ ၂၀၁၉ ခုနှစ်အထိ ကြက်သွန်ဖြူစိုက် တောင်သူတွေအတွက် တစ်ဖက်ဝယ်လိုအား စလျော့လာပါတယ်။ အခုဆိုရင် ကြက်သွန်ဖြူဈေးကွက် လုံးဝမရှိဘူးဖြစ်နေတယ်။ လာဝယ်ရင်လည်း ဈေးနှုန်းကို နှိမ်ပြီးဝယ်တော့ တောင်သူတွေ အရင်းပြန်ရဖို့ မပြောနဲ့ လုပ်အားခဆုံးရှုံးမှုနဲ့ ကြုံတွေ့နေရပါတယ်” ဟု ပြောပြသည်။

ဈေးကွက်တစ်ခုကိုသာမှီခိုတဲ့ ဆိုးကျိုး

“ကျွန်တော်တို့ တောင်ပေါ်ဒေသက အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ အလယ်ပိုင်း တွေမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက အဓိက အားထားစိုက်ပျိုးတဲ့ သီးနှံက ဖရဲသီးနဲ့ အစေ့ထုတ်ပြောင်းပါ။ အိမ်နီးချင်း တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချပါတယ်။ တောင်သူတွေအနေနဲ့ ကိုယ်ကြိုးစား စိုက်ပျိုးထားတဲ့ ဖရဲခင်းကြီးမြင်တော့ သူဌေးအဖြစ် မျှော်မှန်းပြီး စိတ်ကူးနဲ့ ပျော်ကြတယ်။ ဒါပေမယ့် မူဆယ်ဈေးကွက်မှာ တစ်ဖက်နိုင်ငံကို တင်ပို့မယ့် ဖရဲသီးကားတွေ တောင်ပုံရာပုံရောက်ပြီး ဝယ်လက်မရှိတာ၊ ဈေးနှုန်း မတန်တဆ နှိမ်ဝယ်တာတွေ ကြုံတဲ့အခါ အဆင်မပြေဖြစ်ကြရတယ်။ ဒီလို အဖြစ်အပျက်တွေဟာ တစ်ခါတည်း၊ နှစ်ခါတည်း မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကပဲ မကြာခဏဆိုသလို စိုက်ပျိုးထုတ်လုပ်သူဘက်က ခံစားနေရတာပါ။ ရွေးချယ်စရာမရှိတဲ့ ဈေးကွက်တစ်ခုတည်းကိုသာ မှီခိုအားထားရတဲ့ ဆိုးကျိုးတွေဖြစ်ပြီး ဈေးကွက်အာမခံချက်မရှိတာကြောင့် ဖြစ်ပါတယ်” ဟု တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့် က လွှတ်တော်တွင် ဆွေးနွေး ခဲ့သည်။

ရောင်းသူဈေးကွက်ဖြစ်ပေါ်လာရန်

မြန်မာ့လယ်ယာထုတ်ကုန်များ တင်ပို့ရောင်းချမှု၊ ကုန်သွယ်မှုအပိုင်းတွင် ဝယ်သူဈေးကွက်ထက် ရောင်းသူဈေးကွက်အဖြစ် ဖန်တီးဖြစ်ပေါ်လာရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုန်ပစ္စည်း အရည်အသွေး ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်မှု အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (AQSIQ) အဖွဲ့က တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ မင်းကွတ်သီး၊ ကြက်မောက်သီး၊ လိုက်ချီးသီး သီးနှံများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ လည်းကောင်း၊ သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ဆီးသီးများကို နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းမှလည်းကောင်း တရားဝင်တင်ပို့နိုင် ကြောင်း ၂၀၁၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ထားသည်။

သီးနှံများ တရားဝင်တင်ပို့နိုင်ရေး

ထို့ပြင် အခြားသော စိုက်ပျိုးသီးနှံများကို တရားဝင်တင်ပို့ရောင်းချနိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နှင့် ညှိနှိုင်း ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို အကြောင်းကြားထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လအထိ လယ်ယာ ထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန် ဒေါ်လာ ၁၇၀၈ ဒသမ ၈၂၉ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့စီးပွားရေး ပိုမို တိုးတက်လာစေရေးအတွက် ပို့ကုန်မြှင့်တင်ရေးကို အဓိက ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိပို့ကုန် ပမာဏထက် သုံးဆတင်ပို့နိုင်ရေးအတွက် လက်ရှိအစိုးရ အနေဖြင့် မူဝါဒများ ချမှတ်လုပ်ဆောင်နေသည်။

တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး

ပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားအဆင့် မဟာဗျူဟာဖွံ့ ဖြိုးတိုးတက်ရေး အစီအစဉ်များချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်း များ ဖြေလျှော့ခြင်း၊ ပုဂ္ဂလိကကဏ္ဍ အားပေး ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး အားပေးခြင်းတို့အပြင် ပို့ကုန်ဈေးကွက် တိုးချဲ့ တင်ပို့နိုင်ရေးတို့အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ “ဝန်ကြီးဌာနအနေနဲ့ ပို့ကုန်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အမျိုးသားအဆင့် မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ ချမှတ်တာ၊ လုပ်ထုံးလုပ်နည်း ဖြေလျှော့တာ၊ ပုဂ္ဂလိက ကဏ္ဍအားပေးတာ၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ တင်ပို့နိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

“ဒါပေမယ့် လက်တွေ့နယ်ပယ်မှာ ရည်မှန်းထားသလောက် ခရီးမပေါက်ဘဲ ဒုက္ခရောက်နေတဲ့ တောင်သူဦးကြီးတွေရဲ့ လက်တွေ့ဘဝဟာ အဆိုးဘက်ကို ဦးတည်နေတယ်လို့ တွေ့ရပါတယ်။ ပြီးခဲ့တဲ့သင်္ကြန် လွှတ်တော်နားရက်တွေမှာ ကျွန်တော်ရဲ့ မဲဆန္ဒနယ်ကိုသွားပြီး လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ လူထုတွေဆီက တင်ပြတဲ့ အဓိက ပြဿနာကြီးက စိုက်ထားတဲ့ အစေ့ထုတ်ပြောင်းတွေကို တရုတ်ကို တင်ပို့ရာမှာ ရောင်းမရဘဲ ကျန်နေတဲ့ ပြဿနာဖြစ်ပါတယ်။ ခြုံပြီးကြည့်လိုက်တဲ့အခါ ကျွန်တော့် မဲဆန္ဒနယ် သိန္နီမြို့မှာ ပြောင်းတန်ချိန် တစ်သိန်းလောက်ရှိနေတာကို တွေ့ရပါတယ်။ ဒီလိုပဲ တခြားပြောင်းစိုက်တဲ့ မြို့နယ်တွေမှာ ပြောင်းတန်ချိန်ပေါင်း များစွာဟာ ရောင်းမရဘဲ ကျန်ရှိနေဦးမှာဖြစ်ပါတယ်။ ဒီအခက်အခဲကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းမျိုးနဲ့ ရင်ဆိုင်နေရပါတယ်” ဟု သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက အဆိုနှင့်ပတ်သက်၍ ထောက်ခံဆွေးနွေးရင်း ၎င်း၏ မဲဆန္ဒနယ်တွင် တွေ့ကြုံခဲ့ရသည့် အခြေအနေကို ထည့်သွင်း ဆွေးနွေးခဲ့သည်။

ထို့ပြင် ၎င်းက တောင်သူများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ မိမိတို့ ဒေသ အသီးသီးရှိ သင့်တော်မည့် မြို့နယ်များတွင် အဝယ်ဒိုင်များဖွင့်လှစ်ကာ သင့်တင့်သော ဈေးနှုန်းဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း၊ ပြည်တွင်း ပြည်ပဈေးကွက်များ ရှာဖွေပေးပြီး ဈေးကွက်ခိုင်မာမှုရှိသော အသီးအနှံများကို စိုက်ပျိုးသွားရန် ပံ့ပိုးပေးခြင်းနှင့် အရည်အသွေး ပြည့်ဝသော ဈေးကွက်ဝင် စိုက်ပျိုးရေးထွက်ကုန် သီးနှံများ ထုတ်လုပ်နိုင်ရေး၊ အစိုးရနှင့် ပြည်သူ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် သင့်ပါကြောင်း လွှတ်တော်တွင် အကြုံပြုဆွေးနွေး ခဲ့သည်။

ပဲစိုက်တောင်သူများ နစ်နာဆုံးရှုံးမှုများဖြစ်

လယ်ယာကဏ္ဍကို အခြေခံထားသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန် အများအပြား တင်ပို့နေသည့်အပြင် ပဲမျိုးစုံကိုလည်း တင်ပို့ ရောင်းချမှုများ ရှိနေသည့်အတွက် ပဲစိုက်တောင်သူများအနေဖြင့် ပဲဈေးနှုန်း တည်ငြိမ်မှုကိုလည်း လိုလားကြသည်။ မြန်မာ့ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် ဥရောပနိုင်ငံများက ဝယ်ယူလျက်ရှိသော်လည်း အိန္ဒိယနိုင်ငံမှ ဝယ်ယူမှုသည် ၈၀ ရာခိုင်နှုန်းရှိနေသည်။ မြန်မာ့ ပဲဈေးကွက်သည် အိန္ဒိယနိုင်ငံကိုသာ အဓိက အားထားနေရပြီး ၂၀၁၇ ခုနှစ် သြဂုတ်လက အိန္ဒိယနိုင်ငံသည် ပဲဝယ်ယူမှုကို ကန့်သတ်လိုက်သည့်အတွက် ပဲစိုက်တောင်သူများ နစ်နာဆုံးရှုံး မှုများ ဖြစ်ပေါ်ခဲ့သည်။

 

mdn

 

“အရင်နှစ်က ပဲစင်းငုံဈေးနှုန်း မတန်တဆ နိမ့်ကျသွားတဲ့အတွက် ပဲစင်းငုံ တောင်သူတွေ မစိုက်ကြတော့ဘူး။ ဒီနှစ်ဈေးကွက်မှာ တောင်သူတွေအတွက် သင့်လျော်တဲ့ ဈေးနှုန်းရရှိခဲ့ပေမယ့် ရောင်းစရာ ပဲစင်းငုံ မရှိဖြစ်ခဲ့ရတယ်” ဟု ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်က ဦးဝင်းဝင်း၏ အဆိုနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။ထို့ပြင် ၎င်းက “အဆိုအတိုင်း ဈေးကွက်ခိုင်မာ မှုရှိတဲ့ သီးနှံစာရင်းကို ပြည်သူတွေသိရှိအောင် ရာသီအလိုက်ဖြစ်စေ၊ နှစ်အလိုက်ဖြစ်စေ ပွင့်လင်း မြင်သာစွာချပြ အသိပေးပြီး ဒီသီးနှံစိုက်ပါ၊ ဟိုသီးနှံစိုက်ပါလို့ ပြောရတာ အစိုးရအနေနဲ့ အလွန်ခက်ခဲကျပ်တည်းမယ်လို့ ယူဆမိပါတယ်။”

အစိုးရနဲ့ ပြည်သူ ဟန်ချက်ညီညီဆောင်ရွက်နိုင်

“ဒါပေမယ့် အဆိုရှင်တင်ပြသွားသလို အရည်အသွေးပြည့်ဝသော ဈေးကွက်ဝင် စိုက်ပျိုးရေး ထွက်ကုန်သီးနှံတွေ ထုတ်လုပ်နိုင်ရေးဟာ အစိုးရနဲ့ ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတာ တကယ်မှန်ပါတယ်” ဟု ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်က အဆိုအပေါ် ဖြည့်စွက်ဆွေးနွေးသည်။

စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ သရက်၊ ကျွဲကော၊ ဖရဲ၊ သခွားမွှေး၊ ထောပတ်သီး၊ ခရမ်းချဉ်၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ကော်ဖီ စသည့် စိုက်ပျိုးရေးထွက်ကုန် ၁၅ မျိုး၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ကို ၂၀၁၇ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးထုတ်ကုန်များ နိုင်ငံတကာစံနှုန်းများနှင့်အညီ တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ဖက်နိုင်ငံများ၏ လိုအပ်ချက်အရ အစားအစာ ဘေးအ္တရာယ်ကင်းရှင်းရေးနှင့် အပင်ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်များဖြစ်သည့် ပို့ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းပါဝင်မှု စစ်ဆေးခြင်း၊ အဆိပ်ဖြစ်သည့် သတ္တုပါဝင်မှု စစ်ဆေးခြင်း၊ မှိုအဆိပ်ပါဝင်မှု စစ်ဆေးခြင်းတို့ကို ဓာတ်ခွဲစမ်းသပ် ထောက်ခံမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

mdn

 

မျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ

ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်သီးနှံများ သင့်တင့်မျှတသည့် ဈေးနှုန်းရပြီး ပြည်တွင်းပြည်ပ ဈေးကွက်ခိုင်မာစေရန်အတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ (National Export Strategy) ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။ အဆိုပါ မဟာဗျူဟာတွင် လယ်ယာထွက်ကုန် ဆန်၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း စသည့် သီးနှံနှင့် ထွက်ကုန် ပစ္စည်းအမယ်များကို ထည့်သွင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

“အရည်အသွေးပြည့်ဝတဲ့ ဈေးကွက်ဝင် စိုက်ပျိုးရေးထွက်ကုန်သီးနှံတွေ ထုတ်လုပ်နိုင် ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ရာမှာ လုပ်ငန်းစဉ်ဟာ ကြီးမားပြီး ကျယ်ပြန့်ပါတယ်။ လုပ်ငန်းအစီအမံတွေကို အဆင့်လိုက် မြှင့်တင် ဆောင်ရွက်သွားနိုင်မှသာ ထိရောက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ဒေသတွင်း နိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ အနေအထား ယှဉ်တွဲလေ့လာကြည့်ရင် ကွာဟချက်တွေ ရှိနေဆဲဖြစ်ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဈေးကွက်ဝင်သီးနှံ စိုက်ပျိုးထုတ်လုပ်

“အဆိုရှင်တင်ပြသလို ပြည်တွင်း ပြည်ပ ဈေးကွက်တွေ ရှာဖွေပြီး ဈေးကွက်ခိုင်မာမှုရှိတဲ့ သီးနှံစာရင်းကို ပြည်သူတွေ သိရှိဖို့၊ ကြိုတင်ပြီး ပွင့်လင်းမြင်သာစွာ ချပြဖို့ အရေးကြီးပါတယ်။ ဒါမှသာ တောင်သူလယ်သမားတွေအနေနဲ့ လာမယ့်နှစ်မှာ ဘယ်သီးနှံဈေးကွက်ဝင်တယ်၊ ဘယ်နိုင်ငံနဲ့ စာချုပ်ချုပ်ထားတယ်၊ ပမာဏ ဘယ်လောက် တင်ပို့ရမယ်၊ ဈေးနှုန်း ဘယ်လောက်သတ်မှတ်ထားတယ် စသည်ဖြင့် သိရှိမှာဖြစ်ပါတယ်။ ဒီလိုသိမှ စိုက်ပျိုးမယ့် တောင်သူတွေအတွက် အရည်အသွေးပြည့်ဝတဲ့ ဈေးကွက်ဝင် သီးနှံထွက်ကုန်တွေကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်မယ်။ ဒါမှသာ အစိုးရနဲ့ ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်လို့ ရသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက ပြောသည်။

နိုင်ငံအတွက် အဓိကကျသည့် ၇၀ ရာခိုင် နှုန်းသော ကျေးလက်နေတောင်သူများ၏ လူမှုဘဝ မြှင့်တင်နိုင်ရန် ၎င်းတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည် ဖြစ်သည်။ တောင်သူများအတွက် လိုအပ်ချက်ဖြစ်နေသည့် စိုက်ပျိုးရေးထွက်ကုန် သီးနှံများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ပြည်တွင်းပြည်ပ ဈေးကွက် ခိုင်မာမှုရရှိရေးအတွက် အလေးထားဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း တင်ပြရေးသား အပ်ပါသည်။

မြန်မာ့အလင်း