မုံရွာ ၂၆ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ နည်းပြသင်တန်းကို ဇွန် ၂၅ ရက်နေ့ နံနက် ၁၀ နာရီက မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရှိ အစည်းအဝေး ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အုန်းခင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးက ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင် စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲပေးခွင့် မဆုံးရှုံးစေရန် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေး ပြုစုဆောင်ရွက်ရန်အတွက် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူရေးလုပ်ငန်းစဉ်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ စီမံချက်ရေးဆွဲထားပါကြောင်း၊ သင်တန်းသားများအနေဖြင့် စီမံချက်ပါ လုပ်ငန်းစဉ်များအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် သေသေချာချာ သိရှိနားလည်သဘောပေါက်အောင် လေ့လာမှတ်သားကြရမှာဖြစ်ပြီး ယခုသင်တန်း တက်ရောက်ပြီးသူများမှ မိမိတို့မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုရေး အဖွဲ့များအား ရှင်းလင်းလင်းသိရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြန်လည်ပို့ချရမှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးအောင်မျိုးလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေး၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ချမ်းငြိမ်းတို့က လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲစာရင်းပြုစုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပို့ချခဲ့ပြီး သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်မှ မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာမြို့နယ်ဦးစီးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးများအပါအဝင် သင်တန်းသား/သင်တန်းသူ (၁၁၉) ဦး တက်ရောက်ခဲ့ကြောင်းနှင့် မြို့နယ်အလိုက် ရပ်ကွက်/ကျေးရွာအုပ်စု လူဦးရေစာရင်းကော်ယူပြုစုရေးလုပ်ငန်းအဖွဲ့များအား ဆင့်ပွားသင်တန်းများဆက်လက်ပို့ချပြီးပါက လူဦးရေစာရင်းကောက်ယူပြုစုခြင်းနှင့် စိစစ်ခြင်း၊ အခြေခံမဲစာရင်းပြုစုခြင်းအား ဇူလိုင်လဆန်းမှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ပြန်/ဆက်)


