မန္တလေး ၂၆ ဇွန်
မန္တလေးမြို့တွင် ကျပ်သန်းပေါင်း ခြောက်သောင်းသုံးထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစားကွင်းတွင် ဇွန်လ ၂၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သည်။
(၃၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ မီးရှို့ဖျက်စီးသည့် မူးယစ်ဆေးဝါး စုစုပေါင်း ကာလတန်ဘိုးငွေ ကျပ်သန်းပေါင်း (၆၃၂၇၂.၂၅၉၁၂) ခန့် (အမေရိကန် ဒေါ်လာ ၄၂.၁၈ သန်းကျော်) ရှိသည်။
"နိုင်ငံတော် အနေနဲ့ မူးယစ်ဆေးဝါး ကင်းစင်တဲ့ Drug Free Nation ဖြစ်လာစေဖို့ ကြိုးပမ်းဆောင်ရွက်နေသလို ကျွန်တော်တို့ အနေနဲ့ မန္တလေးတိုင်းဒေသကြီးကိုလည်း မူးယစ်ဆေးဝါး ကင်းမဲ့ဒေသ ဖြစ်လာစေဖို့ ကြိုပမ်းဆောင်ရွက်နေပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မူးယစ်ဆေးဝါး ဖျက်ဆီးရာတွင် နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး တို့တွင် ဖမ်းဆီးရမိသည့် ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဆူဒိုအက်ဖီဒရင်းတို့ အပါအဝင် မူးယစ်ဆေးဝါး အမျိုးပေါင်း (၃၂) မျိုးကို မီးရှို့ဖျက်စီးခဲ့ရာ တန်ဖိုးအားဖြင့် ကာလတန်ဖိုးငွေ ကျပ်သန်းပေါင်း (၁၅၂၉၁၅.၄၁)ခန့် အမေရိကန်ဒေါ်လာ ၁၁၃.၂၇ သန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဟာ နိုင်ငံတစ်ဝှမ်းလုံးမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများကို ပြည်နယ်/တိုင်းဒေသကြီး အသီးသီးမှာ အခါအားလျော်စွာ ကျင်းပခဲ့ပြီး ယခုနှစ်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့မှာ တစ်ပြိုင်နက် ကျင်းပခဲ့ကြောင်း သိရသည်။
ထို့အပြင် မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝတ္ထုတို၊ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ဆုရရှိသူများအားလည်း ဆုချီးမြှင့်ပေးခဲ့သည်။
သူရိန်လင်း


